ကမ္ဘာ့ကဗျာနေ့ မှာ ... အစရှိသဖြင့်
အောင်ဝေး
မောင်သင်းခိုင် အစရှိသဖြင့်
ရင်နင့်အောင်ဝေးရ
ငါ့ ကဗျာဆရာတွေ။
ပျဉ်းမနားက၊မန္တလေးက
တောင်ငူက၊ ရန်ကုန်က
မုံရွာက၊ မကွေးက
ပဲခူးက၊ စစ်ကိုင်းက
တောင်ပိုင်းက၊ မြောက်ပိုင်းက
အရှေ့ ဘက်က၊အနောက်ဘက်က
အစရှိသဖြင့်
ရင်နင့်အောင်လွမ်းရ
မငြိမ်းချမ်းသေးတဲ့
ငါ့ ရဲ့ ကဗျာဆရာတွေ။
ရမည်းသင်းထောင်ထဲက
(ကဗျာဆရာစောဝေ)
တောင်ကြီးထောင်ထဲက
(ကဗျာဆရာဇော်သက်ထွေး)
မြစ်ကြီးနားထောင်ထဲက
(ကဗျာဆရာဇာဂနာ)
ကျိုင်းတုံထောင်ထဲက
(ကဗျာဆရာမင်းကိုနိုင်)
အစရှိသဖြင့်
ရင်နင့်အောင်ချစ်ရ
ခေတ်ပြိုင်ထဲက
ငါ့ ရဲဘော်ကဗျာဆရာတွေ။
ဂျပန်က၊တောင်ကိုရီးယားက
ဥရောပက၊အမေရိကက
မဲဆောက်က၊ချင်းမိုင်က
နယ်စပ်က၊ဒုက္ခ သည်စခန်းက
တမ်းတရတဲ့
အဝေးရောက်မြန်မာ့ကဗျာဆရာတွေ။
အီကွေတာအပေါ်
နေရောင်တည့်တည့်ကျတဲ့နေ့ 
(ကမ္ဘာ့ကဗျာနေ့ )
ဒီနေ့ မှာ
ရဲဘော်တို့ကိုအော်ခေါ်လိုက်တယ်
အီကွေတာအော်သံပေါ့ ။
ငမိုးရိပ်မှ မစ်ရှီဂန်သို့ 
ဧရာဝတီမှ မစ္စစ္စပီသို့ 
ကျနော့်ရွက်လှေကလွှင့်ခဲ့သမို့ 
ရွက်လှေပေါ်ကပဲ
ရဲဘော်တို့ကိုအော်ခေါ်လိုက်တယ်
အီကွေတာခေါ်သံပေါ့ ။
မိုးကုပ်စက်ဝိုင်းမှာတော့
မုန်တိုင်းမိုးတိမ်တွေက ဆင်နေဆဲလေ။
ကျနော်တို့ ပင်မရေစီး
(ဒီမိုကရေစီခရီး)
မပြီးသေးဘူး။
ကျနော်တို့ လူထု
(စစ်ကျွန်ဘ၀က)
မလွတ်သေးဘူး။
ကျနော်တို့ ရှေ့ဆက်ရမယ်
မြန်မာ့ကဗျာဓားနဲ့ ။
ကျနော်တို့ ချီတက်ရမယ်
မြန်မာ့ကဗျာတရားနဲ့ ။
ကဗျာဆရာတို့ 
တအားခုတ်ပိုင်းလိုက်မယ်
အရိုင်းအစိုင်းခေတ်ရဲ့ 
စစ်သံဖနောင့်ကိုပေါ့ ။
ကဗျာဆရာတို့ 
တအားထိုးစိုက်လိုက်မယ်
အမှောင်တိုက်ထဲက
ရန်သူရဲ့ ရင်အုံကိုပေါ့ ။
အရေးတော်ပုံ ရင်မခုန်ဘူးလား
လေးသံမြားသံ မစဲတော့ဘူးလား
ထောင်တံခါးတွေ မပွင့်သေးဘူးလား
အနာဂတ်ရထား မထွက်နိုင်ဘူးလား။
ရန်သူက ရန်သူလိုကျင့်တယ်
အတိုက်အခံကအတိုက်အခံလိုကျင့်ရမယ်။
အာဏာရှင်ကသူ့ အလုပ်သူလုပ်တယ်
ကဗျာဆရာက ကိုယ့်အလုပ်ကိုယ်လုပ်ရမယ်။
ကမ္ဘာ့ကဗျာနေ့ မှာ
မြန်မာ့ကဗျာဆရာတွေ
ရှေ့ ဆက်ချီတက်ကြ။
မဆုံးသေးတဲ့လမ်း
(မှိုင်းရဲ့ စခန်း)
ဆက်ပြီးလျှောက်လှမ်းကြ။
၂၀၁၀ ထောင်ချောက်
(၂၀၁၀ ထောင်ချောက်)
အနုပညာမြောက် ဖောက်ထွက်ကြ
(အနုပညာမြောက် ဖောက်ထွက်ကြ)
ကဗျာမှန်ရင်
ကြာပန်းရေစင်
ဘယ်တော့မှ နွံမနစ်။
ကဗျာဆရာမှန်ရင်
ပြည်သူ့ ရဲ့အသံ
ဘယ်တော့မှ အလံမလှဲ။
ကဗျာတပုဒ်
ထောင်အုတ်ရိုးကို ကျိုးစေနိုင်ရဲ့ ။
ကဗျာတစ်ပိုဒ်
အမှောင်တိုက်ကိုရိုက်ချိုးနိုင်ရဲ့ ။
ကဗျာတစ်ကြောင်း
လတပေါင်းကို
ဒေါင်းတွန်သံနဲ့ လှစေနိုင်သတဲ့။
ကဗျာဆရာတို့ 
ဖောင်ပျက်ကို ဖျက်လိုက်တော့
အရုဏ်မတက်ခင်
နောင်ရိုးတိုက်ပွဲဆင်နွဲလော့။
ကဗျာဆရာတို့ 
အဝေးက၊အနီးက
ပြည်တွင်းက၊ ပြည်ပက
ထောင်ထဲက၊ အပြင်က
အစရှိသဖြင့်
မြေကြီးကိုဖွင့်ကြ။
မြေကြီးအောက်က
တောက်ပတဲ့ကြယ်တွေ
နွေဦးမှာ ပြန်ဝေဖို့ 
အို ... ကဗျာဆရာတို့ 
ရာဇ၀င်ကိုဖြတ်သန်းကြ။
အီကွေတာအပေါ်
နေရောင်တည့်တည့်ကျတဲ့
ဒီမတ်လဟာ
ဖက်ဆစ်တော်လှန်ရေးကို အမှတ်ရစေတယ်။ ။
မတ် ၁၉၊၂၀၁၀
poem day
Related Posts:
ဧ ပြီ စ စ် တ မ်းစစ်အစိုးရကအင်န်အယ်လ်ဒီကို မဲထည့်ခဲ့တယ်။ပြည်သူတွေကဒေါ်အောင်ဆန်းစုကြည်ကို မဲထည့်ခဲ့တယ်။အနာဂတ်ကအနာဂတ်ကို မဲထည့်ခဲ့တယ်။ကျနော်ကတော့မဲပုံးထဲဒီကဗျာပဲ ထည့်နိုင… Read More
ချိုးကူသံ လမ်းကလေး (၄)“ခမ်းကို ချစ်ရင်ပဲပုပ်ကိုလည်း ချစ်ရမယ်”လွမ်းစရာ့ ရုပ်ရှင်လွမ်းစရာ့ ပုံပြင်ငယ်ငယ်တုန်းကချစ်ရေစင်။ချယ်ရီတွေလည်းယမ်းနံ့ စွဲသလိုပိတောက်တွေလည်းယမ်းနံ့ စွဲခ… Read More
ချိုးကူသံ လမ်းကလေး (၃)ကလေးရေတွေးနေခဲ့သလား။လမင်းကြီးဟာအဝေးကြီး ... လို့ ။ကလေးရေဆွေးနေခဲ့သလား။သက်တံကြီးဟာအဝေးကြီး ... လို့ ။တွေးမနေနဲ့ တော့ကလေးရယ်။ကလေးရဲ့ အနားမှာငှက်ကလေးတွေေ… Read More
အိမ်မပြန်နိုင်သေးသူများ သမဂ္ဂလူမရောက်ပေမဲ့စိတ်ကတော့ရောက်တာပဲ။လူမရောက်ပေမဲ့ကဗျာကတော့ရောက်တာပဲ။နေ့မရောက်လည်းညတော့ရောက်တာပဲ။လူမစွမ်းပေမဲ့ကဗျာကစွမ်းတယ်။လူကမပြန်နိုင်သေးပေတဲ့ကဗျာက ခဏခဏ… Read More
ချိုးကူသံ လမ်းကလေး (၂) ဒီလမ်းမှာကံ့ကော်ပွင့်တယ်ငုဝါပွင့်တယ်စိန်ပန်းပွင့်တယ်။ဒီလမ်းမှာသေပန်းလည်း ပွင့်ခဲ့တယ်။ဒီလမ်းကို ခွာကြည့်ရင်သွေးစီးသံကြားမယ်။သင်တို့ သစ္စာကြီးရင်မြေကြီး… Read More
1 comments:
Post a Comment