Sunday, October 27, 2013

နို င် ငံေ ရး အ ကျ ဉ်း သားေ ဟာ င်း ၊ ပြ ည်ေ ပြး က ဗျာ ဆ ရာ ၊ အ ေ ၀ း ေ ရ ာ က် မ င်း ဦးေ အာ င်ေ ၀း


EXILE PROSE-2

အ ပို င်း ( ၂ ) က

ကျနော် ပထမအကြိမ် ထောင်ကလွတ်သည့်နေ့ မှာ၊ ပုသိမ်အကျဉ်းထောင် ထောင်ဗူးဝရှေ့ တွင် နေမျိုးဇော်(မင်းညိုစင်) လာစောင့်ကြိုနေခဲ့ပေသည်။ ထိုနေ့ က ၁၉၇၈ ခုနှစ်၊ အောက်တိုဘာလ(၂၆)ရက်။ နောက်တစ်နေ့  အောက်တိုဘာ(၂၇)ရက်နေ့ မှာတော့ ကျနော်က ရန်ကုန်မြို့ ၊ ကြံတောသုသန်က
ဆရာဗန်းမော်တင်အောင်ဈာပနသို့ ရောက်ရှိနေခဲ့ပြီဖြစ်လေသည်။ (ဆရာဗန်းမော်တင်အောင်၊ အသက် ၅၈ နှစ်၊ ၂၃-၁၀-၇၈ နေ့  ကင်ဆာရောဂါနှင့်
ကွယ်လွန်သည်)
            မစ်ရှီဂန်မဲဇာမှာ တစ်ခါတစ်ခါ အိမ်လွမ်းစိတ်ဝေဒနာ သည်းသိပ်သွန်းထန် ခံရခက်သည့်အခါ၊ ‘မုခစာအုပ်’ ဆိုသည့် အင်တာနက်လိုင်းပေါ်မှာနေမျိုးဇော် ခေါ်ခေါ်၊ မင်းညိုစင် ခေါ်ခေါ်၊ ဘယ်လိုခေါ်ခေါ် သူနှင့်ကျနော် ရံဖန်ရံခါ တွေ့ တတ်ကြလေ့ရှိပါသည်။ အခုတော့ သူက တောပြန်။ ကိုယ်က
ပြည်ပြေး။ ဘ၀တွေက ခြားနားခြင်းကြီးမက ခြားနားသွားခဲ့ကြပြီဖြစ်လေသည်။

+ + + + + +
            ၁၉၈၂၊ သူ(နေမျိုးဇော်) ဗမာပြည်ကွန်မြူနစ်ပါတီ အရှေ့ မြောက်စစ်ဒေသသို့ တောခိုသွားသည့်အခါက၊ ကျနော်တို ၊့ထူးအိမ်သင်တို့ ကလွမ်းကျန်ရစ်ခဲ့ကြတာဖြစ်လေသည်။ အဲဒီတုန်းက ကျနော်က ရန်ကုန်တက္ကသိုလ်မှာ မဟာဝိဇ္စာနောက်ဆုံးနှစ် လာတက်နေတဲ့အချိန်ဖြစ်သည်။ စံရိပ်ငြိမ်(၆)လမ်း၊ ယုဒသန်ရိပ်သာသာအနီး၊ ၆၀၃ ခြံကြီးရှေ့ က သစ်သားနှစ်ထပ်အိမ်ကလေးရဲ့ အောက်ထပ်မှာ ကျနော်တို့ စုဝေးငှားနေခဲ့ကြသည်။
            ကျနော်တို့ အိမ်လေးကို ကဗျာဆရာမ မအိ အ၀င်အထွက်ရှိသည်။ ကိုမြင့်နောင်ဆိုသည့် မိတ်ဆွေတစ်ယောက်လည်း ရံဖန်ရံခါရောက်လာလေ့ရှိသည်။ နောက်တော့ သိပ်မကြာလိုက်ပါ။မအိ၊ ကိုမြင့်နောင်၊ နေမျိုးဇော်တို့ ရှေ့ ဆင့်နောက်ဆင့် တောခိုသွားခဲ့ကြပါသည်။ ကျနော်တို့ အိမ်ကလေး
ကိုလည်း၊ တစ်ခါမှမမြင်ဖူးတဲ့လူစိမ်းတွေ ဟိုကဒီက ခဏခဏလာလာပြီး ဟိုမေးဒီမေးတွေလုပ်လာတာကြောင့်၊ ကျနော်တို့ တစ်ပြုံတစ်မကြီး ထိုအသိုက်အမြုံကလေးကနေ စွန့် ခွာလိုက်ကြပါသည်။ ထူးအိမ်သင်(ထိုစဉ်က ထူးအိမ်သင်မဖြစ်သေးပါ) က မော်လမြိုင်ပြန်သွားသည်။ ကျနော်က မိန်းမရပ်ထံ
ပြန်ပါသည်။ (ထိုအချိန်က ကျနော် ယာမာဂူချီနှင့်အိမ်ထောင်ကျနေခဲ့ပြီဖြစ်သည်)
            နေမျိုးဇော် တောခိုသွားတော့ ကျနော်တို့ က သူ့ ကိုလွမ်းကျန်ရစ်ခဲ့ရသည်။ နောင် ဆယ်စုနှစ်တစ်ခုအကြာ၊ မအောင်မြင်သောတော်လှန်ရေးကနေ သူ ရန်ကုန်ကိုပြန်ရောက်လာတော့လည်း ကျနော်တို့ သူ့ ကို ဖက်လှဲတကင်းကြိုဆိုခဲ့ကြသည်။ သူ(နေမျိုးဇော်) တောကပြန်ရောက်မလာခင်၊
လွိုင်ဆမ်ဆစ်မှာ မြင်းစားပဲတွေစားပြီး၊ န ၀ တ စစ်ထောက်လှမ်းရေးအကျယ်ချုပ်နဲ့ နေနေရတဲ့ရက်တွေတုန်းက သူသည် ထူးအိမ်သင်အတွက် ကဗျာရှည်ကြီးတစ်ပုဒ်ရေးပြီး၊ ကျနော့်ဆီ လူကြုံနှင့်လှမ်းပို့ ခဲ့သေးသည်။ မြို့ လယ်ကောင်မှာ ဆိုင်ကယ်တ၀ှီးဝှီးနှင်ပြီး၊ ကျနော်ရှိရာ ကန်တော်ကလေးကအားမာန်သစ်စာပေမှာ ထူးအိမ်သင် ဒီကဗျာကိုလာယူသွားခဲ့ပါသည်။
            ၁၉၈၉-၉၀၊ ကျနော် ဒုတိယအကြိမ်နဲ့ တတိယအကြိမ် အဖမ်းခံရပြီး၊ ပုသိမ်အကျဉ်းထောင်ထဲရောက်ရပြန်တဲ့အခါ၊ ကျနော့်ကို တိုင်းတရားရုံးထုတ်တဲ့နေ့ တိုင်းလို လွိုင်ဆမ်ဆစ်ကနေ နေမျိုးဇော်ထံက အားပေးစကား၊ သတင်းစကားတွေကို၊ လူတစ်ယောက်က အမြဲလာလာပြောပြလေ့ရှိပါသည်။အဲဒီလို ညီလိုတစ်မျိုး၊ ရဲဘော်ရဲဘက်လိုတစ်မျိုး ချစ်ခင်လေးစားရတဲ့ နေမျိုးဇော်ဟာ အထက်တန်းကျောင်းသားဘ၀မှာကတည်းက ကျနော်နှင့်ကဗျာရေးဖော်ရေးဖက်ဖြစ်ခဲ့တာဖြစ်သည်။ ကျနော်တို့ ပုသိမ်မြို့ ၊ အ ထ က(၃)မှာ ‘မြကျွန်းညို’ နံရံကပ်စာစောင်ကို အခါအားလျော်စွာထုတ်ခဲ့ကြပါသည်။ ကျနော်တို့ က ကဗျာဝါသနာရှင် စာကြမ်းပိုးလေးတွေ။ နေမျိုးဇော်က ကဗျာလည်းရေး၊ ပန်းချီလည်းဆွဲသည်။ အထက်တန်းကျောင်းမှာတုန်းကတော့ကျနော့်ကလောင်နာမည်က ‘မောင်နွယ်စိမ်း’။
            နောက်တော့ ကျနော်တို့ ဆယ်တန်းအောင်ပြီး ပုသိမ်ကောလိပ်အတူရောက်ကြတော့၊ ပုသိမ်ကောလိပ် မြ၀ါးရုံရိပ် ကျောင်းသားစာပေအသိုင်းအ၀ိုင်းမှာ တြိဂံလေးတစ်ခုဖြစ်တည်လာခဲ့ပါသည်။ ကျောင်းသူ ကျောင်းသားတွေက အသိအမှတ်ပြုပေး၍ဖြစ်သည်။ နေမျိုးဇော်ရယ်၊ မြောင်းမြသား စိုးထိုက်(ယခု စိုးအိမ်)ရယ်၊ ကျနော်ရယ်။ စိုးထိုက်က ဒီတုန်းက သူ့ ကလောင်နာမည်က စိုးစံထိုက်(မြောင်းမြ)ဖြစ်သည်။ ကျနော်က ‘အနန္တလှိုင်’ပေါ့ ။ နေမျိုးဇော်၊ စိုးစံထိုက်(မြောင်းမြ)၊ အနန္တလှိုင်။ တစ်ရံရောသောအခါ မြ၀ါးရုံတောလို့ ခေါ်ကြတဲ့ ပုသိမ်ကောလိပ်က၊ လွမ်းမောဖွယ် ပန်းနုရောင်စာပေတြိဂံလေးတစ်ခု။
            ပုသိမ်ကောလိပ်အကြောင်းကို ရာဇ၀င်နဲ့ ချီပြီးပြောရရင်၊ ၅၀ ခုနှစ်တွေတုန်းက ဆရာမောင်ပန်းမွှေးတို့ တစ်ခေတ်ပေါ့ ။ အဲဒီနောက် ကျနော်တို့ ကျောင်းကိုမရောက်ခင် ၆၀ ခုနှစ်တွေကုန်ခါနီး၊ ၇၀ ခုနှစ်တွေ အစပိုင်းဟာ မောင်လင်းကြည်(မြ၀င်း-ဒဿန)၊ စိမ်းမြ၊ ဆလိုင်းအောင်ရိုင်းရိုင်းတို့ တစ်ခေတ်လို့ ပြောကြသည်။ နောက်တော့ ၇၀ ခုနှစ်တွေဟာ ကျနော်တို့ တစ်ခေတ်ပေါ့ ။ ကျနော်တို့ ခေတ်မှာ မင်းပြားက ကြူးသစ်၊ ၀ါးခယ်မကနန္ဒကျော်စွာ၊ ရေကြည်က ကိုပန်းလှိုင်၊ သံတွဲက မောင်လင်းလု စသည်ဖြင့် ကဗျာရေးသူတွေ ရှိခဲ့သည်။ ကျောင်းသူကျောင်းသားအစဉ်အဆက်ကဒီကဗျာဆရာတွေကို အသိအမှတ်ပြုခဲ့ကြသည်။ ကျနော်တို့ ခေတ်မှာ ကျောင်းအုပ်ဆရာကြီးကလည်း ဆရာတက္ကသိုလ်ဘုန်းနိုင်ဖြစ်နေတာပါ။
            ကျနော်၏စာပေဘ၀က ဤသို့ ဤနှယ် လမ်းခင်းလာခဲ့ခြင်း။ စာပေနဲ့ နိုင်ငံရေးမှာ ဘယ်ဟာက အချစ်ဦးလဲ။
            မစ်ရှီဂန်မဲဇာ၏ တစ်ခုသောညနေချမ်း၊ လွမ်းငွေ့ မှုန်ဝေသော ရင်ခုန်ဖွယ်အခိုက်ခဏလေးမှာ၊ ကျနော်က နှင်းခါးရိုက်၍သေဆုံးသွားသောကျနော်၏ဥယျာဉ်စိုက်ခင်းကလေးကိုကြည့်ငေး နှမြောတသရင်း စဉ်းစားတွေးတောနေခဲ့မိလေသည်။
+ + + + + +

           
ဆရာဒဂုန်တာရာရေးခဲ့တဲ့ ‘ဒုတိယချစ်သူနှင့်ကွဲမှ၊ ပထမချစ်သူခေတ်ကိုတမ်းတခြင်း’ ဆိုတဲ့စကားရဲ့ အနက်အဓိပ္ဖာယ်ကို ကျနော်စဉ်းစား
ကြည့်မိသည်။ စာပေနှင့်နိုင်ငံရေးတို့ မှာ ကျနော် တစ်ပြိုက်နက်တည်း ပိုးပန်းခဲ့သည့်ချစ်သူတွေပဲလား။ ဘယ်သူ့ ကို ကျနော်ပိုချစ်မိခဲ့တာလဲ။ ဒါါမှမဟုတ်ဘယ်သူက ကျနော်ကို ပိုချစ်ခဲ့တာလဲ။ မစဉ်းစားတတ်တော့ပါဘူး။
            ကိုးတန်းကျောင်းသားဘ၀မှာကတည်းက ကျနော်က စတာလင်၏ ‘ဗော်လ်ရှီဗစ်ရာဇ၀င်အကျဉ်းချုပ်’ စာအုပ်ကိုဖတ်ပြီးနေပြီဖြစ်သည်။ရှင်မဟာရဋ္ဌသာရ၏ ‘ကိုးခန်းပျို့ ’ ကို ကိုးခေါက်ဖတ်ပြီးနေပြီဖြစ်သည်။ မြသန်းတင့်၊ အောင်လင်း၊ သခင်လေးမောင်တို့ ၏ အနုပဋိလောမရုပ်ဝါဒ၊ ရာဇ၀င်ရေးရုပ်ဝါဒကျမ်းအသီးသီး၊ ကျော်အောင်(မြန်မာပြန်) မောရစ်ကွန်းဖို့ တ်၏ ‘မတ်ဝါဒလမ်းညွှန်’ ၊ မောင်သာနိုးဘာသာပြန်တဲ့ ဂျော့သွမ်ဆင်ရဲ့  ‘မတ်ဝါဒနှင့်ကဗျာ’ ၊ မော်စီတုန်း၏ ‘လက်တွေ့ နှင့်ပဋိပက္ခ’ ၊ စသည် စသည်၊ ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်၊ ပါရဂူ၊ သခင်မြသန်းတို့ ၏စာတွေ၊ စသည် စသည်၊
ပြီးတော့ အထင်ကရ ၁၉၇၀ မိုးဝေကဗျာတွေ၊ ဒါတွေက ကိုးတန်း၊ ဆယ်တန်း ကျောင်းသားတစ်ယောက်ရဲ့ လွယ်အိတ်ထဲမှာ၊ စာအုပ်စင်ပေါ်မှာ တခမ်းတနား အကျအန နေရာယူထားခဲ့ပြီးဖြစ်လေသည်။
            ကျနော် ဆယ်တန်း(သိပ္ဖံဘာသာတွဲနှင့်)အောင်တော့ သိပ္ဖံဘက်မလိုက်ဘဲ၊ ၀ိဇ္စာဘက် လိုက်ခဲ့သည်။ကျောင်းကဆရာတွေက အမှတ်ကောင်းသည့် သင်္ချာတို့ ၊ ရူပဗေဒတို့ တစ်ခုခုယူစေချင်သည်။ ကျနော်က အဲဒါတစ်ခုမှ မယူ။ ကျနော်ဝါသနာပါသည့် မြန်မာစာအဓိကယူခဲ့သည်။ အကယ်တည့်
သင်္ချာ-ရူပဗေဒ တစ်ခုမဟုတ်တစ်ခု ယူခဲ့လျှင် ကျနော် အိုင်းစတိုင်းဖြစ်မည်။ ခုတော့ မြန်မာစာယူခဲ့သဖြင့် ကျနော် သူပုန်ကဗျာဆရာဖြစ်လာခဲ့လေသည်။ လွမ်းပ။
            ကျနော်က ချီလီကဗျာဆရာ ပါဘလိုနီရူဒါကိုလည်းချစ်သည်။ ဥက္ကဋ္ဌကြီးမော်ကိုလည်း ကဗျာရေးသည့်အတွက် ကျနော်ချစ်သည်။ ရဲဘော်ချေဂွေဗားရားကိုချစ်တဲ့အထဲမှာလည်း၊ သူ မကျဆုံးခင် ဘိုလီးဗီးယားတောင်တန်းတွေပေါ်မှာ “တန်နီယာသို့ ” ကဗျာကိုရေးခဲ့တဲ့ အချက်လည်းပါသည်။
ကျွန်ုပ်တို့ ၏အဘ ကားလ်မတ်ကြီးသည်ပင် ကဗျာရေး၏။ သူ့ ကဗျာတစ်စက-
            “အချစ်သည် ဂျင်နီ
            ဂျင်နီသည် အချစ်
            အနှစ်တစ်ရာ တိုင်စေသော်” တဲ့။
            ချစ်တယ်။ ချစ်တယ်။ ဟိုချီမင်းကိုလည်း ကဗျာရေးလို့ ကျနော်ချစ်တယ်။
            ကျနော်တို့ သည် ဒဂုန်တာရာ၊ ဗန်းမော်တင်အောင်တို့ နှစ်ဦး၏ “မှိုင်းဗေဒ” မှ ဆင်းသက် လာခဲ့ကြခြင်းဖြစ်သည်။ ကျနော်တို့ သည် ဆဲဗင်းဂျူလိုင်၊ သစ်ပုပ်ပင်၊ နေ၀င်း-စန်းယုဆန့်ကျင်ရေးနှင့် ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးတိုက်ပွဲအတွင်းမှ မွေးဖွားလာခဲ့ကြသူများ မဟုတ်တုံလား။
            ထိုစဉ်ခေတ်က ကိုးတန်းကျောင်းသားတစ်ယောက်က ကားလ်မတ်၏ မဟာအရင်းကျမ်းနှင့်၊ မွန်ဝန်ကြီးဗညားဒလ၏ ရာဇာဓိရာဇ်အရေးတော်ပုံကျမ်းတို့ ကို ခေါင်းအုံးအိပ်ခဲ့သည်ဟုဆိုလျှင်၊ ပိုအံ့ရန်ကောဟု အပြစ်တင်မစောကြပါလေနှင့်။ အဲဒါ ကျနော်တကယ်ခေါင်းအုံးအိပ်ခဲ့တာဖြစ်သည်။အဲဒါတွေကြောင့်လည်း၊ ကောလိပ်လည်းရောက်ရော ကျနော် ကျောင်းသားကဗျာဆရာ(CAMPUS WRITER) တစ်ယောက်အနေနဲ့ ပထမဆုံး ဗွေဆော်ဦး အဖမ်းခံခဲ့ရခြင်းပဲဖြစ်လေသည်မဟုတ်လား။
+ + + + + +

           
၁၉၇၈။ ပထမအကြိမ် ထောင်ကပြန်ထွက်လာပြီးတဲ့နောက်၊ ကျနော်တို့ ထောင်ထွက်သူငယ်ချင်းတစ်စု၊ မြစ်ဝကျွန်းပေါ်နေရာအသီးသီးမှာ
အသစ်ခေတ်စားလာသည့် တွဲဖက်ကျောင်းဆရာတွေဝင်လုပ်ကြသည်။ အမှန်ကတော့ ကေဒါမြှုပ်နှံကြတာဖြစ်သည်။ မြေအောက်တွင် မိမိကိုယ်ကိုယ်မိမိမြှုပ်နှံလိုက်ကြခြင်း။ ယူဂျီပေါ့ ။ ယူဂျီတစ်ပိုင်းပေါ့ ။ပရိုဘီစီပီပေါ့ ။ မြစ်ဝကျွန်းပေါ်တိုင်းပြန်လည်တည်ဆောက်ရေးပေါ့ ။
            ကျနော်ပထမအကြိမ် ထောင်ကလွတ်တော့ ကိုယ်နဲ့ အတူပါလာတဲ့ “ကျူးဘားတော်လှန်ရေး” ကဗျာရှည်ကြီးက ရွေးမြစ်ဝှမ်းမှာ စုန်ဆန်ကူးခပ်လို့ ပေါ့ ။ ကျနော်နှင့်မြေနုက လပွတ္တာမြို့ နယ်တစ်ရွာ ‘ရွှေပြည်သာ’ မှာ။ လပွတ္တာမြို့ ပေါ်မှာက သစ်စိုးရှိသည်။ ကျနော်တို့ ၊ သစ်စိုးတို့ နဲ့ ရွေးမြစ်တကြောတည်း၊ မြောင်းမြမြို့ နယ်က ‘ပြင်ရွာ’ မှာ မောင်ဒေါင်း။ (စိုးအိမ်နဲ့ ကိုအောင်စောဦးတို့ က မြောင်းမြ လွန်းတောင်ခြေ ‘ရှမ်းရေကျော်’ရွာ။ စိုးသစ်(အခု စိုးနေလင်းတစ်ဖြစ်လဲ)က မြောင်းမြသိလ္လာတကြောက ‘ဂတ်စု’ မှာ)
            အဲဒီမှာ၊ ဆရာနတ်နွယ်စကားနဲ့ ပြောရရင် အချစ်လှေလောင်းနဲ့ ခေတ်ရေကြောင်းကိုစုန်ဆန်ခဲ့ကြတယ်ပဲပေါ့ ။ ထိုစဉ်က ကျနော်ထောင်ထဲကရေးယူလာခဲ့သည့် “ကျူးဘားတော်လှန်ရေး” ကဗျာကြီးမှာ ကျနော်တို့ ၏ ဗမာပြည် ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးကို မျှော်မှန်းအိပ်မက်ထားသည့်စိတ်ကူးယဉ်မှုတစ်ခုဟုလည်း ဆိုနိုင်သည်။ ကျနော်တို့၏ လက်နက်ကိုင်တော်လှန်ရေး ရေရှည်စစ်ပွဲ ယုံကြည်ချက်လို့ လည်းယူဆနိုင်ပါသည်။
            အမှန်က ကျနော်ယုံကြည်သည်မှာ လက်နက်ကိုင်တော်လှန်ရေးပဲဖြစ်သည်။ လက်နက်ကိုင်တော်လှန်ရေး- အေအက်စ်(ARMS STRUGGLE)ကို ကျနော်ယုံသည်။ ကျနော်တို့ မတ်ဝါဒ၏အခြေခံတရားမှာ အကြမ်းဖက်တော်လှန်ရေးပဲဖြစ်သည် မဟုတ်လား။ သို့ သော်…။
            သို့ သော်…၊ ကျနော်တို့ အုပ်စုထဲက ကိုအောင်စောဦး(မှိုင်းရာပြည့်) ဗဟိုကို အရောက်သွားပြီး ပြန်လာတဲ့အခါကျတော့၊ ကံကြမ္မာက တစ်မျိုးတစ်ဖုံပြောင်းလဲသွားခဲ့တော့သည်။ ဗမာပြည် ပြည်သူ့ ဒီမိုကရေစီတော်လှန်ရေးအတွက် ကျနော်တို့ က ကျေးလက်မှာ ကေဒါမြှုပ်နှံဖို့ ညွှန်ကြားချက်ပါလာခဲ့သည်။ နေ၀င်း-စန်းယု မ ဆ လ စစ်ထောက်လှမ်းရေးတွေ ခြေချင်းလိမ်နေတဲ့ကြားမှာ ကျနော်တို့ တွဲဖက်ကျောင်းဆရာတွေဖြစ်ကုန်ကြသည်။ကဗျာဆရာတွေဖြစ်ကုန်ကြသည်။
            တစ်ခါတစ်ခါ၊ တွဲဖက်ကျောင်းဆရာဘ၀ ကျေးလက်ထုံထိုင်းမှုတွေကြားမှာ ရဲဘော်ရဲဘက် သူငယ်ချင်းတွေဆုံရင်၊ နည်းနည်းပါးပါး မူးယစ်ရီဝေကြရင်း ရယ်စရာပြောကြတာတစ်ခုရှိသည်။ စာပေက မယားကြီးလား၊ နိုင်ငံရေးက မယားကြီးလားပေါ့ ။ ချစ်တာကတော့ နှစ်ယောက်စလုံးကိုချစ်
တာပဲဖြစ်သည်။ အေအက်စ်ကိုယုံကြည်တဲ့ကျနော်၊ အေအက်စ် မဖြစ်ဘဲ၊ စီအက်ဖ် ဖြစ်သွားသည်။ ကျနော်တို့  ယဉ်ကျေးမှုစစ်မျက်နှာ(CULTURALFRONT) မှာ ကဗျာဆရာတွေဖြစ်လာခဲ့ကြသည်မဟုတ်လား။
            ကျနော်တို့ အထဲမှာ မြေနုက ပထမဦးဆုံးပုံနှိပ်ဖော်ပြခံရတဲ့သူဖြစ်လာတယ်။ ပြီးတော့ ရှေ့ ဆင့်နောက်ဆင့်ဆိုသလို၊ အောင်ဝေး၊ မောင်ဒေါင်း၊စိုးအိမ်၊ စိုးသစ်။(လပွတ္တာက သစ်စိုးကတော့ ၇၄-၇၅ အရေးအခင်းတွေနဲ့ RIT ကကျောင်းထုတ်မခံရခင်ကတည်းက မိုးဝေမှာ ၀တ္ထုတွေရေးနေခဲ့ပြီဖြစ်
သည်) ကျနော်တို့ အားလုံး မိုးဝေကဗျာဆရာတွေဖြစ်လာခဲ့ကြသည်။(မောင်ဒေါင်းနှင့်ကျနော်က ရှုမ၀မှာလည်းရေးခဲ့ပါသည်)
            ကျနော့်ကို အမေကမွေး၊ ထောင်ကကျွေးခဲ့သည်။
            ကျနော့်ကို မိုးဝေကမွေး၊ မိုးဝေကကျွေးခဲ့သည်။
            ကျနော့်ကို ဆရာနတ်နွယ်နှင့် ဆရာမောင်သွေးသစ်တို့ ကမွေးထုတ်ပေးခဲ့ခြင်းဖြစ်သည်။ အခုတော့ ကျနော့်ကိုမွေးဖွားပေးခဲ့တဲ့ ဆရာနတ်နွယ် ကွယ်လွန်ခဲ့ရှာပါပြီ။ ဆရာ မကွယ်လွန်ခင် ဆေးရုံပေါ်က ရက်တွေတုန်းကတော့၊ ကျနော့်သား လပြည့်ဝေး အနီးကပ်သွားရောက်ပြုစုကူညီ
ပေးနိုင်ခဲ့ တာနဲ့ ပဲ၊ ကျနော် ကြေကွဲစိတ်ကိုဖြေရပါတယ်။
            ဆရာမောင်သွေးသစ်ကတော့၊ ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးမှာ ကျနော်ထဲထဲဝင်ဝင် ပါဝင်ခဲ့တာနဲ့ ပတ်သက်လို့ ကျေနပ်ဂုဏ်ယူတယ်လို့ ပြောတဲ့အကြောင်း၊ ညီငယ်ကဗျာဆ၇ာတွေကနေတစ်ဆင့် ကျနော်ပြန်ကြားခဲ့ရပါတယ်။ တကယ်တမ်းပြောရရင် ဆရာနတ်နွယ်တို့ ၊ ဆရာမောင်သွေးသစ်တို့ က အောင်ဝေးကို ကဗျာတစ်ခုတည်းတင် သင်ကြားပေးခဲ့တာ မဟုတ်ပါဘူး။ နိုင်ငံရေးကိုလည်း သူတို့ ကောင်းကောင်းသင်ကြားပေးခဲ့ကြတာဖြစ်သည်။
            ဆရာနတ်တို့ ၊ ဆရာသွေးတို့ က မြန်မာပြည်မြောက်ပိုင်းကိုဖွဲ့ ကြသည်။ ကျနော်တို့ ၊ မောင်ဒေါင်းတို့ ၊ စိုးအိမ်တို့ ၊ မြေနုတို့ ၊ စိုးသစ်တို့ ကမြစ်ဝကျွန်းပေါ်ကိုဖွဲ့ ခဲ့ကြတာဖြစ်သည်။ ရေစီးကြောင်းက တစ်ကြောင်းတည်း။
+ + + + + +

           
မစ်ရှီဂန်ညချမ်း၊ မဲဇာကမ်း၊ ကျွမ်းကျွမ်းမြမြ လွမ်းတဲ့အလွမ်းက “ပြန်လမ်းမကြုံတဲ့ ယမုန်နာဦးဝယ်” ဖြစ်လို့ နေသည်။ RIVER OF NO RETURN ဖြစ်လို့ နေသည်။ ကျနော်တို့ ရဲ့ ခေတ်ကြီး ကုန်ဆုံးသွားခဲ့ပြီဖြစ်သော်လည်း၊ ကျနော်တို့ သည် ယခုအချိန်အထိ “ဗထက်ခြိုက်” တွေကို ယုံယုံ
ရဲရဲ လွမ်းဆွတ် တမ်းတနေဆဲဖြစ်သည်။ လွမ်း၍လွမ်းသော အလွမ်းများ။ သိက္ခာရှိတဲ့ အလွမ်းများ။ ကျနော်တို့ အလွမ်းက သမိုင်းဝင်သည်။ သခင်ဗဟိန်းကျနော်တို့ လွမ်းသည်။ ဗိုလ်ချုပ်အောင်ဆန်း ကျနော်တို့ လွမ်းသည်။ ဗန်းမော်တင်အောင် ဆရာ့ကိုလည်း ကျနော်တို့ လွမ်းသည်။ပြီးတော့ ကျနော်တို့ လွမ်းသည် ဗ က သ (ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်)။ ပြီးတော့ ကျနော်တို့ လွမ်းသည်  ဗ … … ။
            ဗမာပြည်ကွန်မြူနစ်ပါတီ အနှစ်နှစ်ဆယ်မိန့် ခွန်းမှာ၊ ဥက္ကဋ္ဌ သခင်သန်းထွန်းက “ဗမာပြည်ရဲ့ အတော်ဆုံး နိုင်ငံရေးအတွေးအခေါ်ရှင်ဟာသခင်ဗဟိန်းပဲ” လို့ ပြောကြားခဲ့သည်။ ဗိုလ်ချုပ်အောင်ဆန်း မရှိရင်၊ ဗမာပြည်လွတ်လပ်ရေး မရှိနိုင်။ ဗန်းမော်တင်အောင်ရဲ့ စာတွေကို မဖတ်ဖူးဘဲနဲ့ တော့၊ ကိုယ့်ကိုယ်ကိုယ် တော်လှန်ကဗျာဆရာ၊ ပြည်သူ့ ဘက်သားဆိုတာမျိုးတွေ ဘယ်တော့မှ လေလုံးမိုးလုံးမထွားလေနဲ့ ။
            နောက်ပြီးတော့လည်း၊ ဆဲဗင်းဂျူလိုင်၊ ၁၉၆၂ ဥဒါန်းဘယ်မကြေအရေးတော်ပုံ၊ ဗ က သ ဥက္ကဋ္ဌ ကိုသက်၊ တ က သ ဥက္ကဋ္ဌ ကိုဗဆွေလေး၊သူတို့ နာမည်၊ သူတို့ သမိုင်းကိုလေးစားတန်ဖိုးထားရမယ်။သူတို့ တိုက်ပွဲကို လိုက်နာရမယ်။ မလိုက်နာရင် အဲဒါ ခွပ်ဒေါင်း မဟုတ်။ ဒီကနေ့ ၊ ၆၂ တုန်းက
မသေဘဲ အသက်ရှင်ကျန်ရစ်တဲ့ ဆဲဗင်းဂျူလိုင်ကျောင်းသားခေါင်းဆောင်ဟောင်းကြီး ဘိုကလေး ဦးလှရွှေဆိုတာ၊ မောင်ရင်တို့ ၊ ခင်ဗျားတို့ မျက်စိရှေ့ မှောက်မှာ အခိုင်အမာကြီးရှိနေပါသေးတယ်။ သူ့ ကိုနေရာပေးရမယ်။ လေးစားရမယ်။ အသိအမှတ်ပြုကြရမယ်။ သူဟာ ရာသက်ပန်တည်ဆောက်ရေး
သမားပဲ။ သူ့ ဆီက သမိုင်းအမွေကိုဆက်ခံရမယ်။ ခေတ်ပြိုင်အနု၊ ခေတ်ပြိုင်အရင့်၊ တချို့ က အနီနု၊ တချို့ က အနီရင့်၊ ဘာပဲဖြစ်ဖြစ် သမိုင်းသိစိတ်ရှိတဲ့၊အစဉ်အလာကိုဆက်ခံနိုင်စွမ်းရှိတဲ့ မျိုးဆက်သစ်တွေဟာ၊ မျိုးဆက်ဟောင်းရဲ့ ဝမ်းဗိုက်ထဲကထိုးဖောက်ထွက်လာရစမြဲပဲ မဟုတ်လား။
            ဒါတွေဟာ ကျနော်တို့ ကဗျာဆရာဖြစ်လာတဲ့ ဘ၀လမ်းကြောင်းမှာ၊ ကဗျာနဲ့ ထပ်တူ တမ်းတရ၊ လွမ်းဆွတ်ရ၊ မျှော်လင့်ရတဲ့ ဗထက်ခြိုက်တမ်းချင်း၊ လွမ်းခြင်း၊ မျှော်လင့်ခြင်းတွေပါပဲဗျာ။ ခွင့်လွှတ်ပါ။
            ကျနော်တို့ ငယ်ဘ၀ဟာ အဲဒီလို”နီ” ခဲ့တယ်။ ကျနော်တို့ တက္ကသိုလ်ကျောင်းသားဘ၀ဟာ အဲဒီလို”နီ’ ခဲ့တယ်။ ကျနော်တို့ ရဲ့ အနီရောင်ပြက်လက်ရွှန်းမြသောခေတ်များ။ အနီခေတ်။ ကျနော့်တစ်ဦးချင်း တစ်ကိုယ်တော်ရွက်လွှင့်ရင်း၊ မြင်းရိုင်းကိုစိုင်းနှင်ရင်း၊ မုန်တိုင်းကို အကသင်ရင်း၊ အ၀ါခေတ်၊
အပြာခေတ်တွေနှင့်အတူ အနီရောင်နှစ်ကာလများ။
            မ ဆ လ စစ်အစိုးရခေတ်တုန်းက(၁၉၈၆-၈၇ လောက်က) မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ဗဟိုဌာနချုပ်၊ သုတေသနဌာနကြီးက ထုတ်ပြန်တဲ့ လျှို့ ဝှက်အစီရင်ခံစာတစ်စောင် ကျနော်တို့ ခိုးယူရရှိခဲ့ဖူးသည်။ ထိုအစီရင်ခံစာက၊ အစိုးရကိုဆန့် ကျင်တယ်လို့ သူတို့ ယူဆတဲ့ မြန်မာကဗျာဆရာတွေ
ကို အစုတွေ၊ ဂိုဏ်းတွေခွဲပြီး သုံးသပ်တင်ပြထားတာဖြစ်သည်။
            ကျနော်က အစုနှစ်စု၊ ဂိုဏ်းနှစ်ဂိုဏ်းမှာ ပါသွားသည်။ တောမျှော်အစု- တောမျှော်ဂိုဏ်းနှင့် အမေကျော်ဒွေးတော်လွမ်းအစု- ဒွေးတော်လွမ်းဂိုဏ်း။ တောမျှော် ဆိုတာက ဗ က ပ (ဗမာပြည်ကွန်မြူနစ်ပါတီ) လိုလားသူများကိုဆိုလိုပြီး၊ အမေကျော်ဒွေးတော်လွမ်းဆိုတာကတော့ ကျနော်တို့ ခေတ်ပေါ်ကဗျာ(အရပ်အခေါ် ကာရန်မဲ့) ရေးသူတွေကို ရည်ညွှန်းတာဖြစ်သည်။
            ၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေးတုန်းက၊ ကျနော်ပြေးနေရတုန်း၊ ပုန်းခိုကျင်းကလေးတွေထဲမှာပဲရှိနေသေးသည်။ န အ ဖ စစ်အစိုးရသတင်းစာထဲမှာ၊ အစိုးရအလိုတော်ရိ ပေါ်လစီဆောင်းပါးရေးတဲ့သူုတစ်ယောက်က၊ ကိုဇာဂနာတို့ ၊ ကျော်သူတို့ ၊ ကျနော်တို့ ကို ရှုတ်ချတိုက်
ခိုက်ထားတာများ၊ ကျနော်နဲ့ ပတ်သက်လို့ ” အောင်ဝေးဟာ အလံနီပဲ” ဆိုပြီး၊ တလွဲတွေရေးထားတာ၊ ပြေးနေတဲ့ကောင်က ဗမာပြည်ထဲကဘယ်မှထွက်သွားတာ မဟုတ်သေးဘူး၊ ပုန်းခိုကျင်းကလေးထဲကနေ ဖတ်လိုက်ရပါသေးသည်။ ကျနော် လွတ်လွတ်လပ်လပ်သာဆိုရင် အဲဒီသတင်းစာတိုက် ခဲနဲ့ 
သွားထုပါတယ်။ အခုဟာက ဂျက်စီဂျိမ်းလုပ်နေရလို့ ၊ ဖောရက်စ်ဂမ့်ပ် လုပ်နေရလို့ သာပဲ။
            ကျနော် အလံနီမဟုတ်တဲ့အကြောင်းကိုသာ အဲဒီဆောင်းပါးရေးတဲ့သူ သိစေချင်တာပါ။ ကျနော် အလံနီတွေကို မလိုလားလို့ ၊ မုန်းလို့ ပြောတာ လုံးလုံးမဟုတ်ပါဘူး။ ကြည့်ဗျာ။ ၁၉၄၅ ဖက်ဆစ်တော်လှန်ရေးရဲ့ လက်သည်က သခင်စိုးပဲ။ ဆရာမောင်ကိုယု ကျနော်ချစ်တာပဲ။သူ့ ရဲ့ ” မနေ့ ကလရောင်အောက်မှာ” ၀တ္ထု ကျနော်ကြိုက်တာပဲ။ ဆရာငြိမ်းကျော်၊ ကျနော်တို့ သိပ်အလွမ်းသင့်ကြပါတယ်။ သူ့ ရဲ့ MASTERPIECE ဖြစ်တဲ့ “ပဉ္စမမြောက်ဆောင်းရက်များ” ကို ရုပ်ရှင်ရိုက်ဖို့ ကိုတောင် ဆရာနဲ့ ကျနော်တို့ စိတ်ကူးယဉ်ခဲ့ကြဖူးသည်။ ပြီးတော့ ဆရာဇော်ဇော်အောင်။သူ့ လည်းကျနော်ချစ်တာပဲ။အခုသူ့ စာတွေကို တိုးတက်တဲ့လူငယ်တွေက အငမ်းမရဖတ်နေကြတာကြားရတော့ ကျနော်ကြည်နူးဝမ်းသာသည်။
            ဆရာကြီးသခင်ကိုယ်တော်မှိုင်းက-
             “ ထမ်းပိုးတည့်တည့်ထမ်းခဲ့ကြတဲ့
            ‘စိုး’ နဲ့ ’သန်း’ “ ဆိုပြီး ကဗျာဖွဲ့ ခဲ့သလို၊ အခုအချိန်မှာတော့ ကျနော်တို့ အားလုံး ဒီ ထမ်းပိုး တစ်တုံးတည်း ပါပဲ။
            သြော်… ဒီမိုကရေစီလေချဉ်တက်နေတဲ့ ခေတ်ကာလကြီးထဲမှာ၊ ကျနော်(တို့ )က ပထမချစ်သူခေတ်ကို ပြန်တမ်းတနေမိတာပဲလား။ကိုယ်စောင့်နတ်ကမှပဲ သိတော့မယ်။

+ + + + + +

Saturday, October 26, 2013

နို င် ငံေ ရး အ ကျ ဉ်း သားေ ဟာ င်း ၊ ပြ ည်ေ ပြး က ဗျာ ဆ ရာ ၊ အ ေ ၀ း ေ ရ ာ က် မ င်း ဦးေ အာ င်ေ ၀း


EXILE PROSE

အောင် ဝေး ၊ အောက်တိုဘာ ၂၅၊ ၂၀၁၃
အပိုင်း(၁)
ကျနော့်တစ်ဘ၀လုံးမှာ ခေတ်သုံးခေတ် ရှိခဲ့ဖူးသည်။
          ကျနော်တစ်ဦးတည်းအတွက် ပြောတာဖြစ်သည်။ အနီခေတ်၊ အ၀ါခေတ်၊ အပြာခေတ်။ ဒီခေတ်သုံးခုက ကျနော့်ဘ၀၊ ကျနော့်ဝိညာဉ်နှင့် ထန်းသမားရင်ဘတ် ဖြစ်နေခဲ့သည်။ ထန်းတက်သမား ထန်းပင် တက်သည့်အခါ သူ၏ရင်ဘတ်က ထန်းပင်လုံးနှင့် ထိတုံ ခွာတုံ၊ ပူးလိုက် ခွာလိုက်ဖြစ် နေသည်မဟုတ်လား။ ယင်း အနီခေတ်၊ အ၀ါခေတ်၊ အပြာခေတ်တွေနှင့်ပဲ အောင်ဝေးကို တည်ဆောက်ထားသည်ဟုဆိုကြပါစို့ ။
          ဆရာဒဂုန်တာရာ ရေးခဲ့ဖူးသည်။ ရှုမ၀မှာလို့ ပဲထင်သည်။ မသေချာ။  ”ဒုတိယချစ်သူနှင့်ကွဲမှ၊ ပထမချစ်သူခေတ်ကို တမ်းတခြင်း” တဲ့။ အခုနေမှာ ကျနော်က လွမ်းမြိုင်ကျေးရဲ့ အဝေးမှာ၊ ဘယ်သူနှင့်ကွဲပြီး၊ ဘယ်သူ့ ကိုတမ်းတနေတာပါလဲ။
          မစ်ရှီဂန်မဲဇာ၏ ဆောင်းဦးသော ချမ်းမြမြ ညတစ်ညမှာ ကျနော်က ပုသိမ်အကျဉ်းထောင်၊ ကြိုးတိုက်သံတိုင်တွေကြားမှာ၊ နေ၀င်း-စန်းယု စစ်အာဏာရှင်အစိုးရဖြုတ်ချရေးတိုက်ပွဲအတွက် “ကျူးဘားတော်လှန်ရေး” အမည်ရှိသော ကဗျာရှည်ကြီးကို လျှို့ ဝှက်ရေးဖွဲ့ နေတယ်လို့ အိပ်မက် မြင်မက်နေခဲ့လေသည်။
          “ဟာဗာနာကို ချီတက်ကြ”
+ + + + +
          ၁၉၇၆ ခုနှစ်၊ မတ်လ။
          ပို၍တိတိကျကျပြောရလျှင်၊ ၁၉၇၆ ခုနှစ်၊ မတ်လ(၂၃)ရက်နေ့ ၊ ညသန်းခေါင်ယံမှာ ကျနော် ပထမဦးဆုံးအကြိမ် ဖမ်းဆီးခံခဲ့ရလေသည်။ ထိုစဉ်က ပုသိမ်မြို့ မှာဖြစ်သည်။ စစ်တပ်ထဲကအိမ်မှာ တပ်မတော်ထောက်လှမ်းရေးနှင့် ရဲမှုခင်းတပ်ဖွဲ့ က ကျနော့်ကိုလာဖမ်းခြင်းဖြစ်သည်။ ကျနော့် အဖေက စစ်သား။ ဒီတုန်းက အဖေ့တပ်ရင်းက ချင်း သ န က (၂)။ အမှတ်(၂) ချင်းသေနတ်ကိုင် တပ်ရင်းပေါ့ ။ (ဒါပေမဲ့၊ တပ်ထဲမှာ ချင်းတိုင်းရင်းသားတွေက မရှိကြတော့ပါဘူး။ ချင်းတောင်ပြန်ကုန်ကြပါပြီ။ နဂိုမူလနာမည်သာ တွင်ကျန်နေရစ်ခဲ့တာဖြစ်သည်) ထိုစဉ်က အဖေက မော်တော်ယာဉ်တပ်စု တာဝန်ခံ တပ်ကြပ်ကြီး။ MT SERGEANT ဟုခေါ်သည်။
          ကျနော့်ကို လာဖမ်းတဲ့ညက တပ်ရင်းက တပ်ရေးဗိုလ်ကြီး ဗိုလ်ကြီးလှကြည်လည်း ပါလာပါသည်။ ထောက်လှမ်းရေး(၄)ဟုခေါ်သည့်၊ ရန်ကင်းတောင် တပ်မတော်ထောက်လှမ်းရေးတပ်က အရာရှိတစ်ဦးနှင့် မှုခင်းရဲတပ်ဖွဲ့ နှင့် အသည်ကြီးရဲစခန်းမှရဲအရာရှိတွေက ကျနော့်ကို ဂျစ်ကား တစ်စီးပေါ်တင်ပြီးခေါ်လာသည်။ အိမ်မှာတုန်းက အဖေ့ရှေ့ မှာမို့ ထင်သည်၊ ကျနော့်ကိုလက်ထိတ်မခတ်ပါ။ တပ်ဝင်းဂိတ်က မထွက်ခင်အထိ မခတ်ပါ။
တပ်ဝင်းဂိတ်တံခါးကနေကျော်ပြီဆိုတော့မှ ကျနော့်ကို လက်ထိတ်ခတ်လိုက်ကြပါသည်။
          အဲဒီညက ပုသိမ်မြို့ ၊ ကမ်းနားလမ်း၊ အသည်ကြီးရဲစခန်း အချုပ်ခန်းထဲမှာ တစ်ညအိပ်လိုက်ရပါသည်။ နောက်နေ့ မိုးလင်းတော့၊ တရားရုံး ထုတ်၊ ယမန်ယူပြီး၊ ပုသိမ်အကျဉ်းထောင်ထဲ ထည့်လိုက်ကြပါသည်။ ထောင်ထဲရောက်တော့ ထောင်ကလေးတစ်ခုထဲ ပို့ ပြန်သည်။ နောက်ဆုံးမှာ သံတံခါးတွေအထပ်ထပ်နှင့် မိုက်မှောင်လှောင်အိုက်သော ကြိုးတိုက်အခန်းကျဉ်းလေးတစ်ခုထဲ ကျနော့်ကို ထည့်ပိတ်လိုက်ကြလေသည်။ ထောင်မှူးတွေ၊ ထောင်ဝါဒါတွေ ကြိုးတိုက်ထဲက ပြန်ထွက်သွားကြတော့၊ ကျနော် တံခါးသံတိုင်တွေကိုကိုင်ရင်း တွေးကျန်ရစ်ခဲ့ပါသည်။
          သြော်…။ ငါ မဟာကြိုးတိုက်ကြီးထဲ တကယ်ရောက်နေတာပါလား။ ငါ ဆရာဗန်းမော်တင်အောင် ၀တ္ထုတွေ ဖတ်ပြီး စိတ်ကူးယဉ်ခဲ့ဖူးတဲ့ နရသိန်ကြိုးတိုက်ကြီးထဲကို ငါရောက်နေပါရောလား။ အား… တိတ်ဆိတ်နေတဲ့ အမှောင်ပါလား။ အိမ်မြှောင်စုတ်ထိုးသံတောင် တိုးတိုးပဲကြားရ။ စိတ်ထဲမှာ ညှီစို့ စို့ အနံ့ တစ်မျိုးရသလိုလို။
          ဒီအချိန်မှာ ကျနော်ပထမဦးဆုံးသတိရမိလိုက်တာက ဂျူးလိယက်ဖူးချစ်ပဲ။ “မောင့်ဂူစတီနာရေ… နွေဦးသစ်ရဲ့ တစ်နံနက်မှာ၊ တို့ ပြန်ဆုံ တွေ့ ကြမယ်နော်” ဆိုတဲ့ ဂျူးလိယက်ဖူးချစ် ပဲပေါ့ ။ ဖူးချစ်ရဲ့ ကြိုးစင်ပေါ်ကမှတ်တမ်းသည် ကျနော်တို့ ငယ်ဘ၀၏ သင်ပုန်းကြီးဖတ်စာအုပ်ဖြစ်ခဲ့သည်။
         ကျနော်က ဂျူးလိယက်ဖူးချစ်ကို တမ်းတနေမိဆဲ။
          “ဟိတ်- ကောင်လေး”
          ကျနော့်ရှေ့ ဓားလွယ်ခုတ်အခန်းလောက်ဆီက စကားသံရုတ်တရက်ထွက်လာသည်။
          “နင် လူသတ်ဓားပြလား၊ မုဒိမ်းလူသတ်လား”
          ဗျာ…။ ကျနော် လန့် သွားသည်။ခေါင်းနားပန်းကြီးသွားသည်။ အသံရှင်ကိုကား မတွေ့ ရ။ တစ္ဆေ၊ တစ္ဆေလား။
          “ကောင်လေး၊ ဆေးလိပ်သောက်မလား၊ ငါပစ်ပေးလိုက်မယ်၊ ရော့” ဆိုပြီး၊ ထောင်အခေါ် ပွတ်ချွန်းလို့ ဆိုတဲ့ သတင်းစာစက္ကူနဲ့ ဆေးရွက်ကြီးမှုန့် ကိုလိပ်ထားတဲ့ဆေးလိပ်ကလေး မီးတငွေ့ ငွေ့ နဲ့ ကျနော့်အခန်းရှေ့ အုတ်ခုံပေါ်လာကျသည်။ ကျနော်သံတိုင်ကြားက လက်ကိုထုတ်ပြီးလှမ်းယူ လိုက်သည်။ ပြီးတော့ ဆဆကလေး မျှင်းမျှင်းရှိုက်ဖွာလိုက်သည်။ အား…ကောင်းလိုက်တာ။ ဒါဟာ ကျနော့်အတွက်တော့ ပုသိမ်အကျဉ်းထောင်ထဲမှာ ပထမဆုံးသောက်ရတဲ့ ဆေးလိပ်ပါပဲ။
          “ကောင်လေး၊ ငါ့ နာမည် နဂါးနီလို့ ခေါ်တယ်။ငါက အက်ဖ်၊ အာ၊ စီမှုနဲ့ ရောက်နေတာကြာပြီ”
          ဒီလိုနဲ့ ၊ ထောင်ပိုင် ထောင်မှူးတွေ ကြိုးတိုက်ထဲ နောက်တစ်ခေါက်ပြန်ရောက်မလာခင်၊ ထောင်ဆွေးဆွေး လူဆွေးဆွေး ကုလားအဘိုးကြီး နဂါးနီနဲ့ ကျနော် အကြမ်းဖျင်းမိတ်ဆွေဖြစ်သွားခဲ့ကြပါသည်။ ကျနော်က သူ့ ကို၊  ပုသိမ်ကောလိပ်က တတိယနှစ်ကျောင်းသား၊ အသက်(၂၂)နှစ်၊ အစိုးရဆန့် ကျင်ရေး နိုင်ငံရေးမှုနဲ့ ရောက်လာတာလို့ ရှင်းပြတော့၊ အဘိုးကြီးနဂါးနီ တကျွတ်ကျွတ်နှင့်စုပ်သတ်နေလေတော့သည်။ အတော်ကြီးကြာမှ …
“ကောင်လေး၊ နင်မကြောက်ဘူးလား” တဲ့။
          မကြောက်လို့ လည်း၊ ထောင်ပိုင်ကြီးနဲ့ ထောင်မှူးတွေ နောက်တစ်ခေါက်ထပ်ရောက်လာတဲ့အခါ၊ ကျနော်က ကျနော့်ကို ပုဒ်မ(၅)နဲ့ ဖမ်း ထားတာ၊ ဒီတော့ ပုဒ်မ(၅) ရိက္ခာပေးပါလို့ မဆိုင်းမတွ တောင်းဆိုလိုက်ပါတယ်။ ထောင်ပိုင်ကြီး (ဦးအုန်းမောင်လို့ ထင်သည်။ သေချာမမှတ်မိတော့။ နောင် မကြာခင် ညွှန်မှူးဖြစ်သွားပြီး၊ ထောင်ပိုင်အသစ် ဦးမောင်မောင် ရောက်လာသည်) က ကျနော့်အခန်းရှေ့ တိုးလာပြီး လေသံခပ်မာမာနဲ့ 
“မင်းတို့ ကျောင်းသားတွေ ထောင်ထဲမရောက်သေးဘူး၊ တစ်ခါတည်း တောင်းဆိုဖို့ တို့ ၊ တိုက်ပွဲဝင်ဖို့ တို့ လုပ်တော့တာပဲ။ ဒီမှာ မောင်ရင်ရဲ့ ၊ မောင်ရင်တို့ ဆရာကြီး သခင်စိုး ထောင်ထဲရောက်လာကတည်းက၊ ပုဒ်မ(၅)ရိက္ခာတို့ ၊ ဘီကလပ်တို့ ဆိုတာ မရှိတော့ဘူး။ အဲဒါတွေ နောက်ထပ်မပြောပါနဲ့ ” တဲ့။
          ထောင်ပိုင်ကြီးက ပြောပြီး ချက်ချင်းထွက်သွားတော့သည်။ အဲဒီညနေက ပထမဆုံးထောင်ပုံစံ ထမင်း ဟင်းနှင့် ကျနော်စညားခဲ့လေတော့သည်။ လုံးတီးဆန်ဖြူ၊ ဟင်းရွက်ပြုတ်ရည်တာလပေါ၊ ငါးပိရေကြော်။ ဆာဆာနှင့် ဖျစ်ညှစ်စားလိုက်တာ၊ အရသာမသိ၊ ကောင်းတယ် ဆိုးတယ်မရှိ၊ တစ်ပန်းကန်တော့ကုန်သွားသည်။ ဗိုက်လည်း အတော်ပြည့်သွားသည်။ ထမင်းစားပြီးတော့ ခံတွင်းကချဉ်သွားသည်။
“နဂါးနီရေ…ပွတ်ချွန်းကလေး တစ်လိပ်လောက် ပစ်ပါဦး”
          မနက်ဖြန်မိုးလင်းရင်တော့၊ မနက်စောစော ဂန်ဇီ(ဆန်ပြုတ်)သောက်ရင် သောက်ရမယ်။ နေ့ လည်စာက ပဲဟင်းတဲ့။ ကြိုးတိုက်ကိုထမင်းလာထိုး(ထမင်းလာပို့ )သည့် ထောင်ကျအကျဉ်းသားတစ်ဦးက တိုးတိုးပြောပြသွားသည်။ လာပါပြီ။ ကျနော့်ဘ၀ရဲ့ ပဲဟင်း။ စစ်တပ်ထဲမှာကြီးပြင်းအရွယ် ရောက်လာတဲ့သူ ဆိုတော့ ပဲဟင်း၊ ငါးပိကြော်က ယဉ်ပါးပြီးသား။ ဖြတ်သန်းဖူးပြီးသား။ မခဲယဉ်း။ တကယ်တော့ တပ်ထဲမှာ ပဲဟင်းစားပြီး ကျနော် လူလားမြောက်လာခဲ့ခြင်း။ ကျနော် အခြေခံကလာတဲ့ကောင်ပါ။ စစ်သားသားသမီးနှင့် ပဲဟင်း၊ ငါးပိကြော် ခွဲခြား၍မရ။
          အဲဒီတော့၊ အဲသည်မှာ ကျနော့်ရဲ့ အ၀ါရောင်ခေတ်စခဲ့သည်ပဲဆိုပါတော့။
+ + + + + +
          ကြိုးတိုက်ထဲမှာ ပဲဟင်း နှစ်ရက်၊ သုံးရက်လောက်စားပြီးသွားတော့၊ ကျနော့်အမှုတွဲတွေလည်း ဟိုက ဒီက အသီးသီး ကြိုးတိုက်ထဲရောက်ရှိ လာခဲ့ကြလေသည်။
          ၁၉၇၆ ခုနှစ်၊ မတ်လ(၂၃)ရက်၊ ရန်ကုန်မှာ တက္ကသိုလ်ပေါင်းစုံက ကျောင်းသားတွေရဲ့ ဆရာကြီးသခင်ကိုယ်တော်မှိုင်းနှစ်တစ်ရာပြည့် အရေးအခင်းဖြစ်ပွားသည်။ မ ဆ လ စစ်အစိုးရက တက္ကသိုလ်၊ ကောလိပ်တွေကို ရုတ်တရက်ချက်ချင်းကြီး ပိတ်ပစ်လိုက်တော့သည်။
          ကျနော်တို့ က ပုသိမ်ကောလိပ်က။ ကျနော်တို့ လည်း ပုသိမ်မှာ မှိုင်းရာပြည့်ပွဲကျင်းပဖို့ ကြံစည်ထားကြသည်။ သို့ သော်…။ ကံကြမ္မာက တစ်မျိုးတစ်ဖုံ ချိုးကွေ့ ပြောင်းရွဲ့ သွားခဲ့သည်။ မတ်လဆန်းထဲမှာ ကျနော်တို့ အဆောင်နေကျောင်းသူကျောင်းသားတွေကြားမှာ၊ ကျောင်းဆောင်ကြေး နှင့်ထမင်းလခမြင့်တက်သွား၍ မကျေနပ်သံတွေ ဆူညံပေါ်ထွက်လာသည်။ ထိုပြဿနာက တစ်နိုင်ငံလုံး အတိုင်းအတာနှင့် ကျောင်းတိုင်းမှာဖြစ်တာ ဖြစ်သည်။ မ ဆ လ စစ်အစိုးရသံဖနောင့်အောက် ပြည်သူတွေဆင်းရဲမွဲပြာကျ ကုန်းကောက်စရာမရှိအောင် ချွတ်ခြုံကျနေသည့်ခေတ်လည်းဖြစ်ရာ ပြဿနာကထိန်းလို့ မရတော့။
          ကျနော်တို့ ပုသိမ်ကောလိပ်က စတင်ပြီး သပိတ်မှောက်လိုက်ကြတော့သည်။ မတ်လ(၁၀)ရက်ညမှ စ ကာ၊ မတ်လ(၁၁)ရက်၊ (၁၂)ရက်။
အဆောင်နေကျောင်းသားတွေသာမက၊ ပုသိမ်မြို့ ပေါ်က နေ့ ကျောင်းသားတွေပါ သပိတ်ထဲ ပါလာခဲ့ကြသည်။ ထိုစဉ်က ပုသိမ်ကောလိပ် ကျောင်းအုပ်ကြီးမှာ ဦးခင်မောင်တင့် (ဆရာတက္ကသိုလ်ဘုန်းနိုင်) ဖြစ်သည်။
          မတ်လ(၁၂)ရက် ညသန်းခေါင်ယံလောက်မှာတော့၊ သက်ဆိုင်ရာကျောင်းအာဏာပိုင်တွေ၊ ဧရာဝတီတိုင်း ဒေသပါတီကော်မတီနှင့် တိုင်းပြည်သူ့ ကောင်စီကလူကြီးတွေ၊ ကျနော်တို့ သပိတ်စခန်းဖွင့်ထားတဲ့ ကန်သာယာခန်းမကြီးထဲ ရောက်လာပြီး၊ ကျနော်တို့ တောင်းဆိုထားသည့်အချက် များကို လိုက်လျောပေးခဲ့သဖြင့် သပိတ်လှန်လိုက်ကြပါသည်။ နောက်ရက်တွေမှာ ကျနော်တို့ နဂိုပုံမှန်အတိုင်း တက်စရာရှိသည့်အတန်းတွေတက်နေခဲ့ ကြပါသည်။
          မတ်လ(၂၃)ရက်၊ ရန်ကုန်မှာ မှိုင်းရာပြည့်အရေးအခင်းနှင့် တက္ကသိုလ်၊ ကောလိပ်တွေ ရုတ်တရက်ပိတ်လိုက်ပြီး၊ အဆောင်နေကျောင်းသူ ကျောင်းသားတွေကို အဆောင်ကနေ ချက်ချင်းနှင်ထုတ်လိုက်ပြီ ဆိုတော့မှပဲ၊ ကျနော်တို့ အားလုံးကို တစ်မြို့ စီ တစ်မြို့စီကနေ လိုက်ဖမ်းခဲ့ခြင်းဖြစ်သည်။
ကျနော်က ပုသိမ်ကဆိုတော့ အရင်ဦးဆုံးအဖမ်းခံရသူဖြစ်သွားတော့သည်။
          ပုသိမ်အကျဉ်းထောင် ကြိုးတိုက်ထဲမှာ ကျနော်တို့ လူတွေ စုံလင်သွားကြပြီ။ မတ်လ(၁၁)ရက်၊ (၁၂)ရက် သပိတ်မှောက်အရေးအခင်းမှာ ရှေ့ တန်းက တက်တက်ကြွကြွပါဝင်ခဲ့ကြသူတွေဖြစ်သည်။ ကျောင်းသူသုံးယောက်ပါသည်။ သူတို့ က မိန်းမထောင်ဘက်မှာ။ စုစုပေါင်း(၂၁)ယောက်။
          အမှုက ကျနော်တို့ အားလုံးကို ပုဒ်မ ၅(ဃ) (ည) နှစ်ခုနှင့် ဖမ်းဆီး တရားစွဲဆိုထားခြင်းဖြစ်သည်။
          ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရနှင့် သန်းဝင်း(ခ) အနန္တလှိုင် (ပါ) ၂၁ ဦးအမှု။
          ကျနော့်မှာ အမေကမွေး၊ ပေးတဲ့နာမည် “သန်းဝင်း” ။ ပုသိမ်ကောလိပ်မှာ ကျနော့်ကလောင်နာမည်က “အနန္တလှိုင်” ပါ။(ကျနော့်ကို ထောက်လှမ်းရေးနဲ့  ရဲက ဖမ်းတာ အနန္တလှိုင် အနေနဲ့ ပါ။ နောက်မှ ကျနော့်နာမည်အရင်း သန်းဝင်း ဖြစ်မှန်းသိသွားပြီး၊ အဲဒီလို သန်းဝင်း(ခ) အနန္တလှိုင်(ပါ) ၂၁ဦး ဖြစ်သွားရတာပါပဲ။
          နောက်ရှိသေးတယ်။ ကျောင်းမှာ မေဂျာပေါင်းစုံဘောလုံးကန်တော့၊ ကျနော်က မြန်မာစာမေဂျာလက်ရွေးစင်။ ဘောလုံးကွင်းထဲမှာ ပရိသတ်က ကျနော့်ကိုအော်ဟစ်အားပေးကြပုံက “အင်ဖဲင်နတီလှိုင်” (INFINITY HLAING) ပါတဲ့ဗျာ။
          ခုတော့ ပုသိမ်အကျဉ်းထောင်ကြီးထဲမှာ ကိုယ့်ကို အင်ဖဲင်နတီလှိုင်လို့ ခေါ်ပြီး အားပေးမယ့်သူလည်းမရှိ။ အမှုတွဲတွေ စုံညီရောက်မလာခင်က ကျနော်တစ်ကိုယ်တော်၊ ဘုန်းမောင်တစ်ယောက်တည်းရယ် ဖြစ်သည်။ ကုလားအဘိုးကြီးနဂါးနီကတော့ ရှိတာပေါ့ လေ။ သူ့ ကျတော့၊  ဆရာမာန်မြင့်ရေးတဲ့ “ဂန္ထ၀င်သာလိကာ” ၀တ္ထုတိုထဲကလို၊ အချစ်ရေ…ကိုယ် ပလေတိုအကြောင်းပြောပြမယ် ဆိုတာမျိုး လုပ်လို့ မရဘူးလေ။
          ဘာပဲဖြစ်ဖြစ်၊ အမေ့ရဲ့  (၂၂) နှစ်သားကလေး၊ ထောင်ထဲရောက်သွားလည်း အားမငယ်ခဲ့ဘူး။
          ကျနော်နဲ့ အတူ…၊ မြောင်းမြက စိုးထိုက်(နောင် စိုးအိမ်ဖြစ်လာ)၊ ကိုထွန်းဝေ( နောင် စိုးသစ်၊ ယခု စိုးနေလင်းဖြစ်လာ)၊ ကိုခင်မောင်စိုး (ယခု ကွယ်လွန်)၊ မြင့်ဝေ(ယခု ကွယ်လွန်)၊ တင့်ရှိန်၊ ခေတ်စိန်၊ ၀င်းမြင့်( နောင် မြေနုဖြစ်လာ)၊ လက်ပံတန်းက မျိုးခင်၊ ပေါင်းတည်က စိန်ဝင်းမောင်  (သူက ထပ်ကွမ်းလူရည်ချွန်)၊ ပေါင်းတလည်က အောင်ဌေးမြင့်၊ ပြည်က ကိုမြ(ယခု ကွယ်လွန်)၊ စိုးသန်း၊ မြင့်သန်းဌေး၊ ဟင်္သာတက မြင့်ဦး နှစ်ယောက်၊ မင်းလှ(ပဲခူးတိုင်း)က မောင်မောင်ငြိမ်း၊ မြန်အောင်က မြင့်သိန်း( ၉၀ရွေးကောက်ပွဲအနိုင်ရ NLD အမတ်၊ ယခု ကွယ်လွန်)၊ ကျောင်းသူတွေက ညောင်တုန်းက ညွန့် ညွန့် ဝေ၊ သုံးဆယ်က ဘေဘီသိန်း နဲ့ လပွတ္တာက ချိုချိုဝင်း၊ စုစုပေါင်း(၂၁)ယောက်။
          ထောင်ထဲမှာ ကျနော်တို့ ”နီ” ခဲ့ကြသည်။ လက်ဝဲစာအုပ်တွေ အများကြီးဖတ်ခွင့်ရခဲ့သည်။ ကျောင်းသားတိုင်း ကြိုးတိုက်ထဲ(နောင် ၀ါလားတိုက်ကိုပြောင်းရတော့လည်း ၀ါလားတိုက်ထဲ)က အခန်းအခန်းတွေထဲမှာ စာအုပ်တွေ၊ စာအုပ်တွေဆိုတာ အပုံလိုက်ပုံထားကြသည်။ တကယ့်ကို  ဘ၀တက္ကသိုလ်။ (အဲဒီတုန်းက ထောင်ပိုင်ခွင့်ပြုသည့် စာအုပ်တွေ ဖတ်ခွင့်ရှိသည်။ တချို့ လက်ဝဲကျမ်းရင်းတွေကိုတော့ အေကေအေပီနှင့် ခိုးသွင်းခိုးထုတ် ဖတ်ကြရသည်)
          နေ့ စဉ် ပဲဟင်းဝါ၀ါနှင့် ရုပ်ကိုအာဟာရ စောင့်ခဲ့ကြသည်။ စာအုပ်နီနီ၊ လက်ဝဲစာပေတွေနှင့် စိတ်ကိုအာဟာရစောင့်ခဲ့ကြသည်။
          “ပဲဟင်းအ၀ါ
          စာအုပ်ပုံအနီ”
          တစ်နှစ်ကျော်အကြာမှာ စီရင်ချက်ချသည်။ ကျနော်၊ စိုးထိုက်၊ ကိုထွန်းဝေ နှင့် စိန်ဝင်းမောင်တို့ က ပုဒ်မ ၅(ဃ)နှင့်သုံးနှစ်၊ ပုဒ်မ ၅(ည) နှင့် သုံးနှစ်၊ ပြစ်ဒဏ်နှစ်ရပ်အတွက် ခြောက်နှစ်။ ကျန်သူတွေထဲက ကျောင်းသားတွေ (၂)နှစ်စီ။ ကျောင်းသူသုံးယောက်က တစ်နှစ်ခွဲဆိုတော့၊ အမိန့် ချတဲ့နေ့ ပဲ ချက်ချင်းလွတ်သွား။
          ကျနော်တို့ လေးယောက်ကလည်း ပြစ်ဒဏ်နှစ်ရပ်ကို တစ်ပေါင်းတည်းကျခံခွင့်ရသဖြင့်၊ သုံးနှစ်မပြည့်ခင် လျှော့ရက်နှင့် ကျနော်တို့  ပြန်လွတ်လာခဲ့ကြသည်။
          ပထမအကြိမ်၊ ပုသိမ်အကျဉ်းထောင် နရသိန်တောရကပြန်လာတော့၊ ကျနော်နဲ့ အတူ ထောင်ထဲမှာရေးခဲ့သည့် “ကျူးဘားတော်လှန်ရေး” ဆိုသည့် ကဗျာရှည်ကြီး လျှို့ ဝှက်ပါလာခဲ့လေသည်။ 
ေ အ ာ င္ ေ ၀ း
၁၀-၂၃-၁၃။

(အပိုင်း-၂ ဆက်ဖတ်ပါရန်) 
                            

သရုပ်ဖော် ပန်းချီ မင်းကျော်ခိုင်        

နို င် ငံေ ရး အ ကျ ဉ်း သားေ ဟာ င်း ၊ ပြ ည်ေ ပြး က ဗျာ ဆ ရာ ၊ အ ေ ၀ း ေ ရ ာ က် မ င်း ဦးေ အာ င်ေ ၀း

 





EXILE PROSE-2


အ ပို င်း ( ၂ ) ခ

+ + + + + +
            ကျနော်တို့ ရွေးမြစ်ကမ်းမှာ တွဲဖက်ကျောင်းဆရာတွေအဖြစ်မြှုပ်နှံပြီး မြေအောက်အလုပ်တွေ တစ်စိတ်တစ်ပိုင်းလုပ်နေကြရင်း၊ ၁၉၈၂ ထဲမှာ မထင်မှတ်ဘဲ ပထမအကြိမ် ယူဂျီပေါက်သွားခဲ့ပါသည်။ ကျနော်တို့ တစ်သိုက်က ကံကောင်းပြီး၊ မြောင်းမြက ကျောင်းဆရာဦးမြင့်သန်း(ယခုကွယ်လွန်ရှာ
ထင်ရဲ့ )၊ ကျနော်တို့ သူငယ်ချင်း ကိုတင်ဌေး(ကွယ်လွန်) နှင့် မင်္ဂလာဇေယျုံဘုန်းကြီးကျောင်းက အရှင်ဝါသ၀ိန္ဒ(ပျံလွန်) တို့ ပါသွားခဲ့ပါသည်။ ပုသိမ်က ကိုအောင်စောဦး ပါသွားသည်။ ကျုံပျော်က တင်ဝင်းကြီး(ဘိုဇင်ကော့)တို့ ၊ ငါးသိုင်းချောင်း စိုးဝင်းတို့ ပါသွားတဲ့အခေါက်ပေါ့ ။
            ကျနော်က အဲဒီအချိန်မှာ ရန်ကုန်တက်လာပြီး၊ ရန်ကုန်တက္ကသိုလ်မှာ ပါမောက္ခဒေါ်စီစီဝင်းရဲ့ ယာယီ ထောက်ခံချက်နဲ့ မဟာဝိဇ္စာနောက်ဆုံးနှစ် တက်ဖြစ်သွားပါသည်။ နောက်တော့ ပုသိမ်ကောလိပ်တုန်းက နိုင်ငံရေးပြစ်မှုနဲ့  ရာသက်ပန်ကျောင်းထုတ်ထားတဲ့သူဖြစ်တဲ့အတွက် ကျနော်ကျောင်းပြန်ထုတ် ခံခဲ့ရပါသည်။ မဟာဝိဇ္စာတက်ဖြစ်တော့ စံရိပ်ငြိမ်မှာ ထူးအိမ်သင်တို့ ၊ နေမျိုးဇော်တို့ နှင့်အတူနေဖြစ်သွားခဲ့သည်။ပုသိမ်က အရိုင်းဖြူ၊ ဖျာပုံက မောင်သုန်(အမျိုးသားစာပေဆုရ)၊ ပြည်က ဇော်မြင့်ဦး( နောက်ပိုင်း နိုင်ငံခြား ဧည့်လမ်းညွှန် ဖြစ်သွားသည်)၊ ကိုခင်မောင်လွင်တို့ လည်း အတူနေ အခန်းဖော်တွေဖြစ်ကြသည်။
            မဟာတန်းတက်နေရင်း ရန်ကုန်တက္ကသိုလ်၊ တောင်ငူဆောင် တောင်ပိန္နဲပင်အောက်မှာ မောင်သာချိုတို့ ၊ ဇောင်းထက်တို့ နှင့် ရင်းနှီးကျွမ်းဝင် ရသည်။ သူတို့ က ကျောင်းထဲမှာ ထင်ရှားကျော်ကြားတဲ့ ကဗျာဆရာတွေဖြစ်နေခဲ့ကြပြီ။ ခုတော့ ဇောင်းထက် ကွယ်လွန်ခဲ့ရှာပါပြီ။ သူ့ လိုပဲ မင်းသိုက်မွန်
ကွယ်လွန်ခဲ့ပြီ။ အခု ဆရာနောင်ကျော်(ကိုဌေးသိန်း)ကိုလည်း အဲဒီမှာဆုံခဲ့တာပါပဲ။
            ဒီလို စာပေအသိုင်းအ၀ိုင်းထဲရောက်သွားတော့လည်း၊ မြုပ်ချီပေါ်ချီဖြစ်နေတဲ့စာပေစိတ်ကလေး နိုးကြားထကြွလာပြီး၊ မိုးဝေနှင့်ရှုမ၀မှာ ကဗျာတွေ စပြီးဝင်ရေးဖြစ်သွားခဲ့တာဖြစ်သည်။ ထူးအိမ်သင်ကလည်း ထူးအိမ်သင်မဖြစ်သေးခင်၊ ရှုမ၀မှာ ကဗျာရေးတော့ ကလောင်နာမည်က “လင်းထက်” ပါ။ နေမျိုးဇော်က “မင်းညိုစင်” ဖြစ်လာပါသည်။ သူက ပန်းချီရေးရင် နေမျိုးဇော်၊ ကဗျာရေးတော့ မင်းညိုစင်ပေါ့ ။” စံပယ်သုံးကုံး။ ညကကုံး၊ သုံးကုံးပြည့်အောင် မောင်မလာ၊ ပြန်တော့လုလင်၊ မင်းညိုစင်၊ လုလင်ပြန်တော့ ပြန်ပါတော့” ဆိုတဲ့ရှေးဟောင်းကဗျာလေး ကြားဖူးတယ်မဟုတ်လား။
            အဲဒီ မင်းညိုစင်(၁၉၈၂ အကုန်လောက်) တောခိုသွားတော့၊ ကျနော်တို့ ၊ ငှက်တို့ လည်း စံရိပ်ငြိမ်က အသိုက်ကလေးကိုဖျက်ပြီး လွတ်ရာ ကျွတ်ရာ ပျံသန်းထွက်ခွာလာခဲ့ကြပါသည်။ အဲဒီအချိန်မှာ ကျနော့်မဟေသီ ယာမာဂူချီက သားကြီး’လရောင်ဝေး’ ကိုမွေးဖွားပြီးခဲ့ပါပြီ။(ဒီကလေးကို ကျနော်ပေးတဲ့နာမည်က ‘လီနင်ကိုကို’ ဖြစ်ပါသည်။ ဒီကောင့်ကိုကျောင်းစထားတော့ မြောင်းမြ၊ ရှမ်းကုန်းပိုင်းကျောင်းက ဆရာမက လီနင်ကိုကို ဆိုတဲ့ နာမည်ကိုလက်မခံလို့  မောင်လရောင်ဝေး ဆိုပြီးပြောင်းပေးခဲ့ရပါတယ်ဗျာ)
            လရောင်ဝေးက ၁၉၈၂။ ၁၉၈၆ မှာ ဒုတိယသားမွေးတော့ ‘လပြည့်ဝေး’ လို့ ပေးလိုက်ပေမဲ့၊ သူ့ အထက်က အကြီးကောင်လိုပဲ FLAT NAME တော်လှန်ရေးနာမည်ဝှက် အနေနဲ့ ’ရီဇော်ကိုကို’ လို့ အနွတ္ထသညာပေးခဲ့ပါသေးသည်။ ဒီနေရာမှာ စကားမကျန်ရစ်အောင် ဆက်ပြောရရင် ၁၉၉၇ နိုဝင်
ဘာမှာ(သားသုံးယောက်စလုံး နိုဝင်ဘာမွေးတွေချည်း) နောက်ဆုံးမွေးတဲ့ ‘လမင်းဝေး’ အတွက်ကိုတော့ FLAT NAME အနေနဲ့ ၊ ဒီကောင်က မြောင်းမြ ဆေးရုံကြီးပေါ်မှာမွေးလို့ ”ဗျည်းနွဲ့ ကိုကို” လို့ ကျနော်ပေးခဲ့ပါသည်။
            အဲဒီလို တစ်ခါတစ်ရံ ယာမာဂူချီ ခင်ဆွေရီနဲ့ ရန်ဖြစ်၊ ခေတ်ဆိုး ခေတ်ပျက်ကြီးနဲ့ အမြဲတမ်းရန်ဖြစ်နေတဲ့ ကဗျာဆရာဟာ၊ အများပြည်သူုတွေ ခံစားရသလိုပါပဲ၊ အသည်းနှလုံးတွေ ကွဲကြေအုံကြွပြီး၊ ရှစ်လေးလုံး အရေးတော်ပုံကြီးထဲ ခုန်ချခဲ့တာပါပဲ။ အကုန်ရရင်ရ၊ မရရင် ဘာမှမလိုချင်ဘူး၊ အကုန် လွတ်ရင်လွတ်၊ မလွတ်ရင် တစ်ယောက်မှ မလွတ်ချင်ဘူး။ ဗားတော့ဗရက်နဲ့ အတူ ချီတက်ခဲ့ကြတဲ့ ရန်ကုန်ရက်များပါ။
“ပြည်သူချစ်လျှင်၊ ကမ္ပည်းတင်မည် ဆိုတဲ့” မြန်မာနိုင်ငံကဗျာဆရာများ” နေ့ တွေ ညတွေပေါ့ ။ မုန်တိုင်းကြားက တယောသံထဲမှာ သမ္မတသုံးယောက် ဆက်တိုက်ပြုတ်ကျသွားတဲ့ ဘ၀ အလွမ်းအမောတွေပေါ့ ။
            လွမ်းပါတယ်။ ဒီအကြောင်းတွေ ကျနော်ပြန်မပြောချင်တော့ပါဘူး။ ၂၅ နှစ်ကျော်လာခဲ့ပြီ။ မ၀င်းမော်ဦးကို အခုအထိ ကျနော်တို့ အမျှမဝေနိုင်သေးပါဘူး။ ပြောပြန်ရင်လည်း အောင်ဝေးလွန်ရာကျမယ်။
+ + + + + +
            ရှစ်လေးလုံး မဟာလူထုအရေးတော်ပုံကြီးပြီးတော့(အမှန်က စစ်တပ်က အာဏာသိမ်းသွားတော့) ကျနော်တို့ တချို့ တချို့ က ၀တ်စုံပြောင်း ၀တ်ခဲ့ကြပါသည်။ တချို့ တော့ မ၀တ်ကြပါ။ ကျနော်က အမျိုသားဒီမိုကရေစီအဖွဲ့ ချုပ် NLD မှာဝင်လုပ်လိုက်သည်။ တချို့ က မှတ်ပုံတင်ပြီးမှ လုပ်ရတဲ့ နိုင်ငံရေးကိုလက်မခံဘူးဆိုပြီး ပီကျု မှာတောင် ၀င်မလုပ်ကြ။ PPP(ပြည်သူ့ တိုးတက်ရေးပါတီ)မှာ မိခင်ပါတီကြီး၏အမွေခံပါတီပါ။
            ဒီလိုနှင့်၊ ၁၉၈၉ ဇန်န၀ါရီ၊ ဒေါ်အောင်ဆန်းစုကြည်၏ ဧရာဝတီတိုင်း (အနောက်ခြမ်း) စည်းရုံးရေးခရီးစဉ်မှာ ကျနော်(တို့ ) အာဏာဖီဆန်မှု နှင့် အဖမ်းခံလိုက်ရသည်။ဒီတစ်ခါမှာတော့ ပဲဟင်းအ၀ါ၊ စာအုပ်ပုံအနီ ရစ်သမ်က ပြောင်းသွားသည်။ တစ်ရံရောများအခါတုန်းက-
            “ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရ( နှင့်) သန်းဝင်း(ခ) အနန္တလှိုင် (ပါ) ၂၁ ဦး အမှု”
            အခု NLD ခေတ်မှာကျတော့-
            “ … … (နှင့်) သန်းဝင်း(ခ) အောင်ဝေး (ပါ) ၁၈ ဦး …” ဆိုပြီး ဖြစ်လာသည်ကော။
            ဒီအာဏာဖီဆန်မှုက ကျနော်တို့ ထောင်ထဲမှာ(ပုသိမ်မှာပါပဲ) ယမန်ကြီးနှစ်ပတ်နဲ့ နှစ်ရက်၊ ရက်(၃၀)အပြည့်နေပြီး အာမခံနှင့်ပြန်လွတ်လာပြီး တစ်ပတ်တစ်ခါ အမှုရင်ဆိုင်ရပါသည်။
            ၁၉၈၉ ဇူလိုင်၊ အာဇာနည်နေ့ အရေးအခင်းမှာတော့ ကျနော်တို့ အားလုံးပြန်အဖမ်းခံကြရပြီး၊ ပုသိမ်အကျဉ်းထောင်ထဲရောက်ရပြန်သည်။
ကျနော်၏သုံးကြိမ်မြောက်အလည်ရောက်ခြင်းဆိုပါတော့။ ဟောဗျာ… ဘာမှကိုသိပ်မကြာလိုက်ဘူး၊ မပုတင် နိုင်ငံရေးမလုပ်ဘူး ဆိုတဲ့ ကျနော့်လူတွေ၊ စိုးအိမ်၊ စိုးသစ်၊ မောင်ဒေါင်းတို့  ဒုတိယအချီ ၄၈၂၈ ယူဂျီပေါက်ပြီး၊ ကျနော်ရှိရာ ပုသိမ်အကျဉ်းထောင်ကြီးထဲကို လိုက်ချလာခဲ့ကြလေသည်။ ၁၉၈၂ ယူဂျီ အမှုတွဲ အရှင်ဝါသ၀ိန္ဒလည်း အတူပါလာသည်။ တစ်ခေတ်တစ်ခါက နာမည်ကြီး ဗ က ပ မြောင်းမြခရိုင်စစ်ရေးတာဝန်ခံ ဗိုလ်မှူးစိုးတင့်လည်း သူတို့ အမှုတွဲမှာ ပါလာပါသည်။ သူတို့ အမှုက စစ်ခုံရုံးနှင့် ထောင်ဆယ်နှစ်၊ ခုနစ်နှစ်၊ ငါးနှစ်အသီးသီးကျသွားကြသည်။ (စိုးအိမ်၊ စိုးသစ် ၁၀ နှစ်၊ မောင်ဒေါင်း ၇ နှစ်)
            ကျနော်ကတော့ အာဇာနည်နေ့ အရေးအခင်းအမှုမှာ ပုဒ်မ ၅(ည)နဲ့ ပုသိမ်အနောက်မြို့ နယ်တရားသူကြီး ဦးချစ်ကိုက ထောင်ဒဏ်တစ်နှစ်ပဲ ချခဲ့ပါသည်။ (နောက်ပိုင်းမှာ တိုင်းမှူးဗိုလ်ချုပ်မြင့်အောင် ရာဇမာန်ရှပြီး၊ သူအလုပ်ထုတ်ခံလိုက်ရပြီး မန္တလေးပြန်သွားတယ်လို့ သာ၊ ထောင်ဝင်စာသတင်း မှာ ကြားလိုက်ရ။ ၂၀၀၄-၅ လောက်က ချစ်ဦးညို၊ မောင်စိန်ဝင်း(ပုတီးကုန်း)တို့ နဲ့ ချင်းတွင်း စာပေဟောပြောပွဲသွားတော့၊ ဆရာဦးချစ်ကို ကို ယင်းမာပင်ဟောပြောပွဲမှာ ကျနော်ပြန်တွေ့ ခဲ့ရပါသည်)
            ထောင်တစ်နှစ်ချလိုက်ပြီး ဆိုးတာက၊ နောက်မှုကျန်နေသေးတော့၊ အဲဒီနောက်မှု အာဏာဖီဆန်မှု တိုင်းတရားရုံးထွက်ရတဲ့နေ့ ဆိုရင်၊ သံခြေကျဉ်း တချွမ်ချွမ်အခတ်ခံရတာပါပဲ။ အဲဒီသံခြေကျဉ်းဒဏ်ရာက သေရာပါမယ် ထင်တယ်။ အခု မစ်ရှီဂန်မဲဇာ နှင်းဖွဲရင်၊ နှင်းခဲရင်၊ ရေခဲလှံနဲ့ ထိုးရင် နာကျင် ကိုက်ခဲလာတတ်ပါရဲ့ ။ ဥဒါန်းမကြေ၊ ကမ္ဘာမကြေဘူး စာဖတ်နေသူကြီး၊ စိုးရိမ်နေသူကြီး ရွှေရွှေရေ…။
            လွမ်းဖို့ တော့ကောင်းပါတယ်။ ဒီအာဏာဖီဆန်မှုအမိန့် ချတဲ့နေ့ ကဆိုရင်၊ တိုင်းတရားသူကြီးက “ဒေါ်အောင်ဆန်းစုကြည် ကျန်းမာပါစေ” လို့  ကြွေးကြော်တာကို မြန်မာ့ယဉ်ကျေးမှုအရ ခွင့်လွှတ်၍ရသော်လည်း၊ တရားမ၀င်ဖြန့် ဝေတဲ့ကဗျာစာအုပ်ထဲက ကဗျာစာသားတွေကတော့ အများပြည်သူ
ဆူပူအောင်လှုံ့ ဆော်တဲ့အတွက် ခွင့်လွှတ်၍မရပါ ဆိုပြီး၊ ဒေါ်အောင်ဆန်းစုကြည်ခရီးစဉ်တစ်လျှောက်မှာဖြန့် ဝေလာခဲ့တဲ့ ကျနော့်ကဗျာရှည်ကြီးထဲက
စာပိုဒ်တွေကို-
            “မ ဆ လ တစ်ခေတ်မှာ
            ရွတတ ဖြစ်နေသူတွေ
            နေရစ်ခဲ့ကြတော့။
            ငြိမ် ပိ တစ်ခေတ်မှာ
            ငြိမ်ကြည့် ဖြစ်နေတဲ့သူတွေ
            နေရစ်ခဲ့ကြတော့။
            ……….
            ရွေးကောက်ပွဲဆိုတာလည်း
            ခွေး ခလောက်ဆွဲသလိုပါပဲ။
            ……………..
            လေဆန်မှာ မြားတန်းလန်းနဲ့ 
            ပျံသန်းရဲတဲ့ငှက်သာ
            မနက်ဖြန်အတွက်ဖြစ်တယ်”
            ဒီလို တစ်ပိုဒ်ချင်း (ကျနော်တို့ ကဗျာဆရာတွေ ကဗျာရွတ်သလို) ရစ်သမ်နဲ့ ဖတ်ဖတ်သွားပြီးမှ စီရင်ချက်ကိုချတာပါ။ ဘယ်လောက်ကြည်နူး ချမ်းမြေ့ စရာကောင်းလိုက်ပါသလဲ။ အဲဒီလို ကိုယ်ရေးတဲ့ကဗျာကို တရားရုံးပရိသတ်(NLD ပရိသတ်)ရှေ့ မှာ ပီပီသသရွတ်ပြပြီးမှ ကိုယ့်ကိုအမိန့် ချတာဟာ ဘ၀မှာ ဘယ်ကလောက်မြိန်စရာကောင်းလိုက်ပါသလဲ။ ဆော့ခရတ္တိကတော့ ကောင်းချီးပေးပေလိမ့်မယ်။
            ဒါတွေဟာ နိုင်ငံရေးအကျဉ်းသားဟောင်း ကဗျာဆရာတစ်ယောက်ရဲ့ ပြန်လည်အမှတ်ရခြင်းတွေထဲက တစ်စိတ်တစ်ဒေသတွေပါပဲ။ ကျနော် အများကြီးမမှားခဲ့ဘူးလို့ တော့ ကိုယ့်ကိုယ်ကိုယ်လိပ်ပြာလုံချင်ပါသည်။
            ကျနော့်တစ်ဘ၀လုံးမှာ အမှားဆိုလို့ ၊ တိုင်းပြည်ကိုပစ်ပြီး ထွက်ပြေးခဲ့တာတစ်ခုပဲရှိခဲ့ပါတယ်ဗျာ။     
(အပိုင်း-၃ ဆက်ဖတ်ပါရန်)

ေ အ ာ င္ ေ ၀ း
၁၀-၂၆-၁၃။

Friday, October 4, 2013

ေ ခါ င္ း ေ လ ာ င်း ထိုး သံ (Aung Way)






(တောကျောင်းဆရာနှင့် သူ၏တပည့် များ)

တစ်နေ့ က
ယမ်းမိုးရွာချ
ကျနော့် စာသင်ကျောင်းကလေး
ပြာကျသွားတယ်။
ဘယ်တတ်နိုင်မလဲ
ငြိမ်းချမ်းရေးမှ မရှိဘဲ။
ငြိမ်းချမ်းရေးအတွက်
ငြိမ်းချမ်းရေးတစ်ခုပဲ လိုတယ်။
လွတ်လပ်မှုအတွက်
လွတ်လပ်မှုတစ်ခုပဲ လိုတယ်။
တရားမျှတမှုအတွက်
တရားမျှတမှုတစ်ခုပဲ လိုတယ်။
ချစ်ခြင်းမေတ္တာအတွက်
ချစ်ခြင်းမေတ္တာတစ်ခုပဲ လိုတယ်။
အိပ်မက်တစ်ခုအတွက်
အိပ်မက်တစ်ခု။
မျှော်လင့်ချက်တစ်ခုအတွက်
မျှော်လင့်ချက်တစ်ခု။
အနာဂတ်တစ်ခုအတွက်
အနာဂတ်တစ်ခု။
ဒီလိုပေါ 
ငြိမ်းချမ်းရေးတစ်ခုအတွက်
ငြိမ်းချမ်းရေးတစ်ခု။
ငြိမ်းချမ်းရေးအတွက်
စစ်ပွဲတစ်ခု မလိုဘူး။
မနေ့ က
တောင်ပေါ်မှာ
ယာတောမိုးတစ်ဖြိုက်ရွာတယ်။
ဒီကနေ့ 
မီးလောင်မြေမှာ
ရွာသားတွေ အကူအညီနဲ့ 
ကျနော့် ကျောင်းကလေး ပြန်ဆောက်လိုက်ကြတယ်။
မနက်ဖြန်
သေချာတဲ့ မနက်ဖြန်
နေခြည်ထိုးချိန် ချိုးကူရင်
စစ်ဆိုးဒုက္ခသည်
ကျနော့် တပည့် ကလေးတွေ
သူတို့ ကျောင်းကို သူတို့ ပြန်လာကြတော့ မယ်။    
ေ အ ာ င္ ေ ၀ း

ဧၿပီ ၂၃ – ၂၀၁၂။

(“စစ်/ပြည်တွင်းစစ်/ငြိမ်ချမ်းရေးခံစားမှုကဗျာများ”စာအုပ်၊ ခေတ်ကာလများစာအုပ်တိုက်၊
ရန်ကုန်၊ ၂၀၁၃ စက်တင်ဘာ- မှ)