Monday, June 21, 2010

Letters from Michigan - 10

မစ်ရှီဂန်မှ ပေးသောစာ - ၁ဝ
အောင်ဝေး


မိတ်ဆွေကြီး ကိုဒေါင်း -

ကျန်းခံ့သာလို့ မာပါစ။ မကြာသေးခင် လပိုင်းတုန်းက ကြားခဲ့ရ ဖတ်ခဲ့ရတဲ့ ကိစ္စ တစ်ခု အပေါ် အခြေခံပြီး ကျွန်တော် တွေးမိတာလေး တချို့ ပြောကြည့်ချင်တယ်ဗျာ။

ကိစ္စက ဟေတီငလျင် ကယ်ဆယ်ရေးအတွက် နာမည်ကျော် We are the world သီချင်းကို ဒုတိယအကြိမ် မူသစ် အသံသစ်နဲ့ ပြန်ဆို ပြန် အသံသွင်းပြီး ရန်ပုံငွေ ရှာကြတယ် ဆိုတဲ့ ကိစ္စပါ။

We are the world သီချင်းဟာ ၁၉၈၅ ခုနှစ်တုန်းက အာဖရိက အငတ်ဘေး ကယ်ဆယ်ရေး ရန်ပုံငွေ အတွက် ကယ်ဆယ်ရေး ရန်ပုံငွေ အတွက် မိုက်ကယ်ဂျက်ဆင်နဲ့ လိုင်ယွန်နယ် ရစ်ချီတို့ နှစ်ယောက် ပူးတွဲ ရေးစပ်ပြီး မိုက်ကယ်ဂျက်ဆင်နဲ့ အခြား နာမည်ကြီး အဆိုတော်ပေါင်း မြောက်မြားစွာ ပါဝင် သီဆိုပေးခဲ့ကြတဲ့ ကမ္ဘာကျော် ပရဟိတ သီချင်း တစ်ပုဒ်ပဲ မဟုတ်လား ကိုဒေါင်း။

အခု ၂၅ နှစ် အကြာမှာ ဒီသီချင်းကို ဒုတိယအကြိမ် ပြန်ဆိုကြတာပါပဲ။ ဒီတစ်ခါတော့ မိုက်ကယ်ဂျက်ဆင် မပါနိုင်ရှာတော့ပါဘူး။ သူ ကွယ်လွန်သွားခဲ့ပါပြီ။ မူလက မိုက်ကယ်ဂျက်ဆင် သီဆိုခဲ့တဲ့ သီချင်း အပိုဒ် နေရာတွေ အခု သူ့ညီမ ဂျက်နက်ဂျက်ဆင်က ဝင်ပြီး ကူညီ သီဆိုပေးခဲ့တယ်လေ။

ဒီသီချင်းနဲ့ ဒီသတင်းကို ကြားတော့ ကျနော်က ၂ဝဝ၆ ခုနှစ် နှစ်ကုန်ပိုင်းလောက်က မန္တလေးမှာ HIV ကူးစက်ခံ မိဘမဲ့ကလေးငယ်တွေ အတွက် ရန်ပုံငွေ ရှာဖို့ ကျွန်တော်တို့ ကဗျာရွတ်ဆိုပွဲ လုပ်ခဲ့တာကို ပြန် သတိရမိပါတယ်။

ကဗျာရွတ်ဆိုပွဲတော့ ကဗျာရွတ်ဆိုပွဲပါပဲ။ ဒါပေမဲ့ ကဗျာ မရွတ်လိုက်ရ၊ မဆိုလိုက်ရတဲ့ပွဲ ဖြစ်ခဲ့ရတာကိုတော့ ကိုဒေါင်းတို့လည်း အသိပါ။ မန္တလေးတိုင်း စစ်အာဏာပိုင်းက ပွဲမိန့် ထုတ်ပေးတော့ ကဗျာဆရာတွေ စင်ပေါ် တက်ပြီး ကဗျာ မရွတ်ရဘူး ဆိုတဲ့ ပိတ်ပင် ကန့်သတ်မှုကြီးက ပါလာပါတယ်။

ဒီတော့ ကျနော်တို့ ဘာလုပ်ခဲ့ရသလဲ ဆိုတော့ မန္တလေးမှာ ငါးမရလည်း ရေချိုး ပြန်မယ် ဆိုပြီး ရန်ကုန်က ကူညီဖို့ လိုက်လာတဲ့ ရုပ်ရှင် ဂီတ အနုပညာရှင် လူငယ် မောင်မယ်တွေ ညတွင်းချင်း သီချင်း တိုက်ပြီး ပွဲကျင်းပတဲ့ နေ့မှာ သီချင်းတွေချည်း ဆိုပြီးတော့ပဲ အလှူခံခဲ့ရတာပေါ့ဗျာ။

မန္တလေး ပရိသတ်က ရုံပြည့်ရုံလျှံ တစ်ခဲနက် အားပေးခဲ့တာပါ။ ရန်ကုန်မှာ ကျင်းပတဲ့ ပထမပွဲမှာတောင် မရခဲ့တဲ့ အလှူငွေ ၁ဝ၂ သိန်း မန္တလေးမှာ ကျွန်တော်တို့ ရခဲ့တာပါ။ ကဗျာဆရာတွေ ကဗျာမရွတ်ခဲ့ရ၊ ကဗျာရွတ်ပေးမယ့် ရုပ်ရှင်မင်းသား မင်းသမီးတွေ အဆိုတော်တွေ ကဗျာမရွတ်ခဲ့ရပေမယ့် မန္တလေး လူထုဟာ ကျွန်တော်တို့ဘက်မှာ ရပ်တည် အားပေးခဲ့ကြတာပါ။

ပွဲအသိမ်းမှာ ကျွန်တော်တို့ အားလုံး မန္တလေးက စာပေ အနုပညာရှင်တွေပါ အကုန် စင်ပေါ် တက်ပြီး ‘တို့ချစ်တဲ့ကမ္ဘာ’ သီချင်းကို စုပေါင်း သီဆိုခဲ့ကြတာ အခုထိ ကျွန်တော့ နားထဲမှာ ပြန်ကြားယောင်နေတုန်းပဲ ကိုဒေါင်း။ ဒီသီချင်းက We are the world သီချင်းကို ကိုမင်းချစ်သူ ပြန်ရေးထားတဲ့ သီချင်းပဲလေ။

နာဂစ်မုန်တိုင်းဘေးတုန်းကလည်း ပြည်တွင်းက ဂီတ အနုပညာရှင် လူငယ်တွေ သီချင်း တစ်ပုဒ် ရေးစပ်ပြီး တက်ညီလက်ညီ စုပေါင်း သီဆို ရန်ပုံငွေ ရှာခဲ့ကြတာကိုလည်း အဝေးကနေ ကြားရတဲ့ ကျွန်တော်တို့ သာဓုခေါ်ခဲ့ကြတာပါ။

ခက်တာက စစ်အစိုးရပဲ ကိုဒေါင်း။ ကျွန်တော်တို့ HIV ကူးစက်ခံ မိဘမဲ့ကလေးငယ်တွေ အတွက် ရန်ပုံငွေ ရှာဖွေပွဲ လုပ်တာ လူမှုရေး လုပ်ငန်းကို လုပ်တာပါ။ စာပေ အနုပညာရှင်တွေ နာဂစ် ကူညီရေး လုပ်တာလည်း လူမှုရေး လုပ်ငန်း လုပ်တာပါပဲ။ နာရေး ကူညီမှု အသင်းတွေ ဆိုရင် လူမှုရေး လုပ်ငန်း၊ ပရဟိတ လုပ်ငန်းတွေရဲ့ အကောင်းဆုံး သာဓကတွေပေါ့။

ခက်တာက စစ်အစိုးရပဲ ကိုဒေါင်း။ စစ်အစိုးရက လူမှုရေး လုပ်ငန်းတွေကို ပိတ်ပင်တယ်။ တားဆီးတယ်။ လူမှုရေး လုပ်ငန်း လုပ်နေတဲ့သူတွေကို ချုပ်ချယ်တယ်။ ကန့်သတ်တယ်။ ပြည်သူ့အကျိုးပြု ပရိဟိတအလုပ် လုပ်ပြီ ဆိုရင် စစ်အစိုးရက နည်းအမျိုးမျိုး အနှောင့်အယှက် အဟန့်အတားတွေ ပေးတော့တာပဲ။ စစ်အစိုးရဟာ နိုင်ငံရေး လုပ်နေတဲ့ သူတွေကို ဖမ်းဆီး ထောင်ချသလို လူမှုရေးလုပ်ငန်း၊ ပရဟိတလုပ်ငန်း လုပ်နေတဲ့ သူတွေကိုလည်း ဖမ်းဆီး ထောင်ချနေတာ လူတိုင်း အသိပဲ မဟုတ်လား ကိုဒေါင်း။

ဒီလို ယုတ်ညံ့တဲ့ အလုပ်မျိုးကို လိပ်ပြာမလုံတဲ့သူတွေကပဲ လုတ်တတ်ကြတာပါ။ လိပ်ပြာမလုံတဲ့သူတွေဟာ အမှန်တရားကို မျက်နှာချင်းဆိုင်ရမှာ သေမလောက် ကြောက်ကြပါတယ်။ တကယ်ကတော့ လိပ်ပြာ မလုံတဲ့သူတွေဟာ အမှန်တရားကို ဆုပ်ကိုင်ထားသူတွေ၊ အမှန်တရားဘက်က ရပ်တည်နေတဲ့သူတွေကို ရင်မဆိုင်ရဲလောက်အောင် ကြောက်ရွံ့နေကြတဲ့ လူကြောက်တွေပါ။

ဒါဟာ လိပ်ပြာ မလုံတဲ့ အစိုးရပဲ။ ဟုတ်တယ် ကိုဒေါင်း။ လိပ်ပြာ မလုံတဲ့ အစိုးရ ဆိုတာ လိပ်ပြာလည်း မသန့်၊ လိပ်ပြာလည်း မလှတဲ့ အစိုးရပဲ။

မိတ်ဆွေကြီး ကိုဒေါင်း၊ ပြောလက်စနဲ့ ဆက်ပြီး ပြောရရင်တော့ ငယ်ငယ်တုန်းက ကြားခဲ့ဖူးတဲ့ ‘မိန်းမရှာအစိုးရ’ ဆိုတဲ့ စကားလုံးကို အခု ကျွန်တော် ပြန် သတိရမိတယ်ဗျာ။

ဒီစကားလုံးကတော့ နဝတ/နအဖခေတ် စကားလုံး မဟုတ်ပါဘူးဗျာ။ မဆလ အစိုးရခေတ် ၁၉၆ဝ-၇ဝ ဒုတိယအခေါက် ကိုကိုးကျွန်း အကျဉ်းစခန်းကနေ ထွက်ပေါ်လာတဲ့ စကားလုံးပါ။ ပြောခဲ့တဲ့သူကိုလည်း ကြည့်ဦး၊ တခြားလူ မဟုတ်ဘူး၊ ကျနော်တို့ ဆရာ ဗန်းမော်တင်အောင်ပါပဲ။

အဲဒီကျွန်းမှာတုန်းကပေါ့ဗျာ။ ဗန်းမော်တင်အောင်ရဲ့ စာဖတ်ပရိသတ် တစ်ဦး ဖြစ်နေတဲ့ ထောင်အာဏာပိုင်ကြီးကြီး တစ်ယောက်က ဆရာ ဗန်းမော်တင်အောင်ကို ပုဂ္ဂိုလ်ရေးအရ အကူအညီ လိုရင် ပြောပါ တဲ့။ အဲဒီ အခါ ဆရာ ဗန်းမောင်တင်အောင်က ဘာပြန်ပြောလိုက်သလဲ ဆိုတော့ -

‘ကျနော် ပုဂ္ဂိုလ်ရေးကိစ္စ ဘာမှ ပြောစရာ မရှိပါဘူး။ ခင်ဗျားတို့ အစိုးရနဲ့ ပတ်သက်လို့တော့ ပြောချင်တယ်၊ ခင်ဗျားတို့ အစိုးရဟာ တော်တော် တရားမဲ့တဲ့ အစိုးရပဲ။ အပြစ်မဲ့တဲ့လူတွေကို ဖမ်းပြီး ကျွန်းပေါ်မှာ ကိုယ်ထူကိုယ်ထ အကျဉ်းချထားတယ်။ ၁၆၊ ၁၇ နှစ် အရွယ် ကျောင်းသားလေးတွေတောင် ပါတယ်။ အပြစ်ရှိတယ် လို့ ယူဆရင် တိုင်းသိပြည်သိ ကြေညာပြီး ရုံးတင် တရားစွဲပေါ့။ အခုတော့ လူသိမခံဝံ့ဘဲ ဒီကျွန်းလေးပေါ်မျာ ခိုးပြီး နှိပ်စက်နေတယ်။ ထောင်အခွင့်အရေးလည်း အပြည့်အဝ မပေးဘူး။ ပြောရရင် သတ္တိမရှိတဲ့ မိန်းမရှာအစိုးရပဲ’

အဲဒီလို ဗန်းမော်တင်အောင် ပြန်တုံ့ပြန်ပြောခဲ့တာ ကျွန်းပြန်ရဲဘော်ကြီးတွေ ပြန်ပြောပြလို့ ကျွန်တော်တို့ ကြားခဲ့ရဖူးတယ်လေ။

အားလုံးကို သတိရလျက်-
အောင်ဝေး
၃-၁၅-၁ဝ

(မစ်ရှီဂန်မှ ပေးသောစာ - အမှတ် ၉ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)

0 comments: