Saturday, June 5, 2010

Letters from Michigan -8

မစ်ရှီဂန်မှ ပေးသောစာ - ၈
အောင်ဝေး
ဇွန် ၅၊ ၂ဝ၁ဝ

မိတ်ဆွေကြီး ကိုဒေါင်း -

ကျန်းခံ့သာလို့ မာပါစ။ ခင်ဗျားတို့ ကျနော်တို့ ဘဝ အတွေ့ အကြုံတွေထဲက လူကြီးလူငယ် ပြဿနာ ဆိုတာကို စဉ်းစားမိလို့ ဒီစာ ရေးလိုက်တာပါ။

ဒီအကြောင်း ပြောမယ် ဆိုတော့ ဆရာကြီး သခင်ကိုယ်တော်မှိုင်းကို အရင် သတိရတယ်။ ဆရာကြီးမှိုင်း မြန်မာ့ နိုင်ငံရေးသမားတွေ အပေါ်မှာ ကရုဏာ ဒေါသောနဲ့ ရေးဖွဲ့ခဲ့တဲ့ ကဗျာတွေထဲက တချို့ ဆိုပါတော့ဗျာ။ “တောင်ကျရေ နွားနှစ်ကောင် မဝသလိုပ မောင်ဘဖေ ငါးထောင် မရတာကြောင့်” ဆိုတာမျိုး။

ဆရာကြီးက သူ့တပည့်တွေ ဖြစ်တဲ့ သခင်စိုးနဲ့ သခင်သန်းထွန်း တို့ကိုလည်း “ ထမ်းပိုးတည့်တည့် ထမ်းခဲ့ကြတဲ့ စိုး နဲ့ သန်း” ဆိုပြီး ဖွဲ့ခဲ့တာမျိုး။

ဆရာကြီးမှိုင်းက လွတ်လပ်ရေးစိတ်နဲ့ ငြိမ်းချမ်းရေးစိတ်နဲ့ နိုင်ငံရေးသမားတွေ တပည့်တပန်းတွေ အပေါ်မှာ “နွား” နဲ့ နှိုင်းပြီး ရေးတတ် ဆုံးမတတ်တဲ့ အလေ့ ရှိခဲ့တာ မဟုတ်လား ကိုဒေါင်း။

အဲဒီ ထုံးစံအတိုင်း ဆရာကြီးမှိုင်းက လူကြီး လူငယ် ပြဿနာကို ကဗျာနဲ့ ဆုံးမခဲ့ပုံက “လူကြီးကြီး နွားကြီးကြီး ပုံဆွယ်။ လူငယ်ငယ် နွားငယ်ငယ် ပုံထား။ နွားနှစ်ကောင် ချိုထောင် သွေးတော့ ဘေးလို့ မှတ်သား” တဲ့။

လူကြီးလူငယ် ပြဿနာ ဆိုတာကတော့ ခေတ်တိုင်းမှာ ရှိတာပေါ့လေ။ အဓိကကတော့ လူငယ်တွေက လူကြီးတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံမှုနဲ့ အစဉ်အလာကို လေးစားရမယ်။ လူကြီးတွေကလည်း လူငယ်တွေရဲ့ ရဲရင့် တက်ကြွမှုနဲ့ စွမ်းရည် သတ္တိကို အသိ အမှတ်ပြုရမယ် မဟုတ်လား။

ကိုဒေါင်းရေ - ကျနော့် ကိုယ်တွေ့ ပြန်ပြောရရင် ကျနော့် NLD မှာ ဧရာဝတီတိုင်း စည်းရုံးရေး လုပ်ခဲ့တုန်းက ပါတီတွင်း အဖွဲ့ချုပ်တွင်း ပြဿနာတချို့ကို ဖြေရှင်းရင်း လူငယ်စိတ်နဲ့ ခပ်ပြတ်ပြတ် လုပ်မိတာမျိုး ရှိခဲ့ဖူးတယ်။ ကျနော့်ကို အလွန်အကျွံမရှိ အမှားအယွင်း မဖြစ်အောင် ဘေးကနေ တလျှောက်လုံး လိုက်ပြီး ထိန်းပေးနေတာက ကျနော်တို့ တိုင်းစည်းထဲကပဲ။ ဦးမြရှိန် တဲ့။ ဦးမြရှိန်က အရင် မြန်မာ့အလင်း သတင်းစာက အယ်ဒီတာ တယောက်ပါ။ သူက လူကြီး၊ ကျနော်က လူငယ် ဆိုပါတော့။

မြန်မာ့နိုင်ငံရေးမှာ အဲဒီလို လူငယ်တယောက်ကို ထိန်းဖို့ လူကြီး တယောက်ကို တောကနေ ပြန်လိုက် ခေါ်ခဲ့ရဖူးတယ် ဆိုတဲ့ သမိုင်း ရှိခဲ့တယ် မဟုတ်လား ကိုဒေါင်း။

ဖဆပလ ခေတ်ဦး အစကပေါ့နော်။ ရွှေတိဂုံ အလယ်ပစ္စယံ အစည်းအဝေးမှာ ဒီးဒုတ်ဦးဘချို၊ ဆရာဦးရာဇာတ်၊ ဟင်္သာတဦးမြ၊ ပျော်ဘွယ်ဦးမြတို့က ဝါရင့်နိုင်ငံရေး သမားကြီး ဘကြီးဘဖေကို ဖဆပလ အဖွဲ့ကြီးရဲ့ ဥက္ကဋ္ဌ တင်ဖို့ တိုင်ပင်ထားကြပြီးသား။

ဒါပေမဲ့ တကယ် အစည်းအဝေးကျတော့ ဘကြီးဘဖေက ထပြီး ဥက္ကဋ္ဌ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကို အဆိုပြုပါတယ်လည်း ဆိုရော ဗိုလ်ချုပ်က ဟာ - ကျနော် ငယ်ပါသေးတယ် ဘကြီးတို့ လူကြီးပိုင်းကပဲ လုပ်ပါလို့ ငြင်းတာပေါ့။ နောက်တော့ လူထု ပရိသတ်ကြီးကပါ ဘကြီးဘဖေရဲ့ အဆိုကို အကြွင်းမဲ့ ထောက်ခံပါတယ်၊ ဗိုလ်ချုပ် မငြင်းပါနဲ့ ဆိုတော့မှ ဗိုလ်ချုပ် အောင်ဆန်း ဥက္ကဋ္ဌ အဖြစ် တာဝန်ယူခဲ့တာပါ။ အဲဒီအချိန်မှာ ဗိုလ်ချုပ် အသက်က (၃ဝ) ကျော်လေးပဲ ရှိသေးတယ်။

ဒီလို သူ့ကို ဥက္ကဋ္ဌ တင်ခဲ့တဲ့ ဘကြီးဘဖေကို သူကိုယ်တိုင် ပြန်ပြီး တိုင်းပြုပြည်ပြု လွှတ်တော် အမတ် အဖြစ်ကနေ နုတ်ထွက်ခိုင်းခဲ့တဲ့ အကြောင်းလေးကလည်း ရှိသေးတယ် မဟုတ်လား ကိုဒေါင်း။

ရန်ကုန်အရှေ့ပိုင်းအမတ် ဘကြီးဘဖေကို အကြောင်းတစုံတခုနဲ့ ဗိုလ်ချုပ်က နုတ်ထွက်ခိုင်းတဲ့ ကိစ္စ ပေါ်လာတော့ ဒီးဒုတ်ဦးဘချိုတို့၊ ဆရာကြီး ဦးရာဇာတ်တို့၊ ဟင်္သာတဦးမြ၊ ပျော်ဘွယ်ဦးမြတို့ ခေါင်းချင်း ရိုက်ပြီး ဗိုလ်ချုပ်ကို အနီးကပ် ထိန်းဖို့တော့ လူကြီး တယောက် လိုအပ်နေပြီ သခင်နုကို ပြန်လိုက်ခေါ်မှ ဖြစ်တော့မယ် လို့ ဆွေးနွေး တိုင်ပင်ခဲ့ကြတာ မဟုတ်လား ကိုဒေါင်း။

သခင်နု (ကိုကြီးနု) နဲ့ ကိုအောင်ဆန်းတို့ ဆိုတာက ရန်ကုန်တက္ကသိုလ် တကသမှာ လုပ်ဖော် ကိုင်ဖက် ညီအစ်ကိုတွေ မဟုတ်လား။ ၁၉၃၆ အိုးဝေမဂ္ဂဇင်းက ဦးညိုမြရဲ့ ငရဲခွေးကြီး လွတ်နေပြီ ပေးစာ အရေးကြောင့် တက္ကသိုလ် အာဏာပိုင်က မဂ္ဂဇင်းတာဝန်ခံ ကိုအောင်ဆန်းကို ကျောင်းထုတ်လိုက်တော့ ကိုကြီးနုက ဒါကို ဆန့်ကျင် ကန့်ကွက်တဲ့ အနေနဲ့ သူရထားတဲ့ ဘီအေဘွဲ့ကို ပြန်အပ်ပစ်လိုက်တဲ့ သမိုင်းက သူတို့ ညီနောင် ကိုကြီးနုနဲ့ ဗိုလ်အောင်ဆန်း ကြားမှာ ရှိပြီးသား မဟုတ်လား။

ဖဆပလက လူကြီးတွေက လူလွှတ်ပြီး လိုက်ခေါ်တာနဲ့ မော်ကျွန်းဘက်မှာ စာသွားရေးနေတဲ့ သခင်နု ရန်ကုန် ပြန်ရောက်လာပါတယ်။ သခင်နုက နိုင်ငံရေး မလုပ်တော့ဘူး စာပဲ ရေးတော့မယ် ဆိုပြီး တောကို ပြန်နေခဲ့တာပါ။ အခု ပြန်ရောက်လာတော့ ဗိုလ်ချုပ်က ဦးနုကို - ကိုကြီးနု ဖဆပလအဖွဲ့ ဒုတိယ ဥက္ကဋ္ဌ အဖြစ် တာဝန်ယူပါလို့ ဆိုတော့ ဦးနု နိုင်ငံရေးထဲ ပြန်ရောက်တာပါပဲ။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ ဦးနု လက်တွဲပြီး မပြီးဆုံးသေးတဲ့ လွတ်လပ်ရေး ရှေ့ခရီးလမ်းကို ဆက်လှမ်းခဲ့ကြတာပါပဲ။

အောင်ဆန်း - အက်တလီ စာချုပ် ချုပ်ပြီးလို့ မကြာခင် ဗိုလ်ချုပ်အောင်ဆန်း လုပ်ကြံခံခဲ့ရတယ်။ ဦးနုက ဆက်လက် ဦးဆောင်ပြီး နု - အက်တလီ စာချုပ်နဲ့ လွတ်လပ်ရေးကို ရယူခဲ့တယ်လေ။

ဘယ်ခေတ်မှာပဲ ဖြစ်ဖြစ် လူကြီးလူငယ် ပြဿနာ ဆိုတာကတော့ ရှိစမြဲပါပဲ။ မှန်ကန်တဲ့ နိုင်ငံရေး အမြင်နဲ့ မှန်ကန်တဲ့ ဦးဆောင်မှုနဲ့ ဖြေရှင်းမယ် ဆိုရင် ပြဿနာ ပြီးပြေရုံသာမက ရှေ့ဆက် တိုက်ပွဲဝင်ဖို့ လူကြီးလူငယ် ပေါင်းစည်းရေး အင်အားသစ်ကို ရလာတာပါပဲ။

လူငယ်တွေက လူကြီးတွေကို လေးစားရမယ်။ လူကြီးတွေကလည်း လူငယ်တွေကို အသိအမှတ် ပြုရမယ်။ တကယ်တော့ ဒီမိုကရေစီ တိုက်ပွဲထဲမှာ လူကြီးရယ်လို့ မဟုတ် လူငယ်ရယ်လို့ မဟုတ် ဘုံရန်သူကို အတူတကွ လက်တွဲ တိုက်ခိုက်နေသူတွေ အဖြစ် အပြန် အလှန် နားလည် ယုံကြည်နေဖို့ပါပဲ။

အားလုံးကို သတိရလျက်-
အောင်ဝေး

(မစ်ရှီဂန်မှ ပေးသောစာ - ၈ ကို လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့ပြီး ဖြစ်သည်။)

0 comments: