မစ်ရှီဂန်မှ ပေးသောစာ - ၉
မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့ မာပါစ။ ဒီတစ်ခါတော့ ကန့်လန့်ကာ နောက်ကွယ်က ပုဂ္ဂိုလ်တွေအကြောင်း တွေးမိတာလေး ပြောကြည့်ချင်တယ်။ သမိုင်းမှာ လူထုတိုက်ပွဲမှာ အရေးတော်ပုံတွေမှာ အလွန် အရေးပါတဲ့ တာဝန်တွေကို ကန့်လန့်ကာ နောက်ကနေ လူမသိ၊ သူမသိ ထမ်းဆောင်သွားခဲ့ကြသူတွေ အကြောင်း ကျနော် ပြောချင်တာပါ။
ဆရာကြီး မင်းသုဝဏ်ရဲ့ ‘ဖိုးမောင်လာပြီ’ နဲ့ ‘သူ့မှာတမ်း’ ကဗျာ နှစ်ပုဒ်မှာ အများအတွက် ကိုယ်ကျိုးစွန့် အနစ်နာခံသွားတဲ့ အညတရတွေ အကြောင်းကို ဆရာကြီး မင်းသုဝဏ်က ဂုဏ်ပြု ရေးဖွဲ့ထားခဲ့တာ အားလုံး ဖတ်ဖူးကြမှာပါ။
အခု ကျနော် တွေးမိ သတိရမိတဲ့ သူတွေကတော့ အညတရတွေ မဟုတ်ကြပါဘူး။ သူတို့ဟာ နိုင်ငံသိ ကမ္ဘာသိ ပုဂ္ဂိုလ်ကြီးတွေပါ။ ပြီးတော့ သူတို့ဟာ စာရေးဆရာ သတင်းစာဆရာကြီးတွေပါ။
သူတို့ဟာ စာရေးဆရာအဖြစ် သတင်းစာဆရာအဖြစ် သူတို့ ဘ၀ ဖြတ်သန်းမှုထဲမှာ ထင်ရှားပြီးသားပါ။ ကျနော်က သူတို့ကို ကန့်လန့်ကာနောက်က လူတွေ လို့ ဘာကြောင့် ပြောရတာလဲ ဆိုရင်တော့ ဒီလိုပါ ကိုဒေါင်း။ သူတို့ရဲ့ နိုင်ငံရေးဘ၀ကို သူတို့ကိုယ်တိုင်က ဘယ်တုန်းကမှ ဟိတ်ဟန်လုပ် ဂုဏ်ဖော်ပြီး ထုတ်ပြောခဲ့တာမျိုး မရှိခဲ့လို့ပါပဲ။
သူတို့ကတော့ တခြားသူတွေ မဟုတ်ကြပါဘူး။ ဆရာမကြီး ဒေါ်ခင်မျိုးချစ်၊ လူထုဦးလှ နဲ့ ဂျာနယ်ကျော် ဦးချစ်မောင်တို့ပါပဲ။ ဒီ စာရေးဆရာ၊ သတင်းစာရာကြီးတွေဟာ မြန်မာ့နိုင်ငံရေးမှာ ဘယ်လောက် အရေးကြီးတဲ့ အခန်းကဏ္ဍက ပါဝင်ခဲ့ကြတယ် ဆိုတာ နှောင်းလူငယ်တွေ သိမှ ဖြစ်မယ် ကိုဒေါင်း။
ဒီပုဂ္ဂိုလ်ကြီးတွေရဲ့ စာပေ ဘ၀ကိုတော့ လူအများ သိပြီးသားပါ။ ဒါပေမဲ့ သူတို့ရဲ့ နိုင်ငံရေးဘ၀ကိုကျတော့ သိသူ နည်းပါလိမ့်မယ်။ ဒါကလည်း ကာယကံရှင်တွေ ကိုယ်နှိုက်က မလိုအပ်ဘဲ ထုတ်မပြောခဲ့လို့က တစ်ကြောင်း ဖြစ်မယ်။
ဥပမာ ဆိုပါတော့ ဆရာမကြီး ဒေါ်ခင်မျိုးချစ်။ ဒေါ်ခင်မျိုးချစ် ဆိုရင် လွတ်လပ်ရေး မော်ကွန်းဝင် ပုဂ္ဂိုလ်ပါ။ သူ မော်ကွန်းဝင်တစ်ဦး ဆိုတာ သိသူ နည်းပါတယ်။ ဒေါ်ခင်မျိုးချစ်၊ လူထု ဒေါ်အမာ၊ ဗိုလ်ချုပ်အောင်ဆန်း တို့ဟာ ၁၉၁၅ တစ်နှစ်တည်းဖွားတွေပါ။ ဗိုလ်ချုပ်အောင်ဆန်းက အာဇာနည်။ လူထုဒေါ်အမာက ၁၉၃၆ တက္ကသိုလ်သပိတ်မှောက် ကျောင်းသူ၊ ဗကသ အမေ။ ဒေါ်ခင်မျိုးချစ်ကျတော့ကော။
ဂျပန်ခေတ် မရမ်းခြံ စစ်ဝန်ကြီးရုံးမှာ ဒေါ်ခင်မျိုးချစ်က ဟန်ဆောင် စာရေးမ ၀င်လုပ်တယ်။ သူက တစ်ဦးတည်းသော စစ်သမီး ဆိုကြပါစို့ရဲ့။ အဲဒီအချိန်က ရွှေတောင်ကြားမှာ ဆရာကြီး သခင်ကိုယ်တော်မှိုင်း၊ သခင်နု၊ ဗိုလ်ချုပ်အောင်ဆန်း၊ သခင်သန်းထွန်း စတဲ့ ခေါင်းဆောင်တွေ နေကြပါတယ်။
ဒေါ်ခင်မျိုးချစ်က စစ်ရုံးမှာ လူလစ်ပြီ ဆိုရင် ရုံးနဲ့ မလှမ်းမကမ်းမှာရှိတဲ့ မီးဖိုချောင်လို နေရာကလေးကို သွားသွားပြီး ရေဒီယို ခိုးခိုး နားထောင်ရတယ်။ ရေဒီယိုက လာတဲ့ ကမ္ဘာ့သတင်း အထူးသဖြင့် စစ်ရေးသတင်းတွေကို လိုက်ပြီး ကူးရတယ်။ ဒီ လျှို့ဝှက်သတင်းတွေကို ဆွဲခြင်းကလေးထဲ ဖုံးဖိထည့် သိုသိုသိပ်သိပ် လက်က ဆွဲပြီး ရွှေတောင်ကြားက သခင်နုတို့ ဗိုလ်ချုပ်အောင်ဆန်းတို့ ဆီကို သွားသွားပို့ရတယ်။ အင်မတန် လျှို့ဝှက် လုပ်ခဲ့ရတဲ့ အလုပ်ပေါ့။ ပြီးတော့ အင်မတန်လည်း အန္တရာယ်များတဲ့ အလုပ်ပဲ ကိုဒေါင်း။
အဲဒီတုန်းက ဂျပန်က ရေဒီယိုနားမထောင်ရ လို့ အမိန့် ထုတ်ထားတာ။ နားထောင်တဲ့သူ သေဒဏ် လို့ ကြေညာထားတာကလား။ အဲဒီလို အသက်နဲ့ ရင်းပြီး လုပ်ခဲ့ရတဲ့ သမိုင်း ရှိခဲ့ဖူးတယ်။ ဒီအကြောင်း ဒေါ်ခင်မျိုးချစ်ကိုယ်တိုင်တော့ ရေးခဲ့တာ မရှိပါဘူး။ သက်ကြီးစကား သက်ငယ်ကြား၊ ငယ်သူတွေက တစ်ဆင့် ပြန်ရေးတာကိုတော့ ဦးနေ၀င်းအကြောင်းတွေ ပါနေလို့ ဆိုပြီး စာပေစိစစ်ရေးက ခွင့်မပြုခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည် ခြံထဲက လွတ်လပ်တဲ့ ဟောပြောပွဲလို နေရာမှာတောင် ဆရာမကြီး ဒေါ်ခင်မျိုးချစ်က ကိုယ့်ကိုယ်ကိုယ်ဖော် မသူတော် မလုပ်ခဲ့ပါဘူး။ ဒါ ကန့်လန့်ကာ နောက်ကွယ်က လှပတဲ့ ဇာတ်ကွက်ကလေး တစ်ကွက်ပဲမဟုတ်လား ကိုဒေါင်း။
ပြီးတော့ လူထုဦးလှ။ လူထုဦးလှ ဆိုရင်လည်း သတင်းစာ ဆရာကြီး၊ စာရေးဆရာကြီး၊ ပုံပြင်ဆရာကြီး အဖြစ် လူတွေက ပိုသိကြတာပါ။ ကန့်လန့်ကာ နောက်က လူထုဦးလှရဲ့ နိုင်ငံရေး ဘ၀ကို သိသူ နည်းမယ်။ အထက်မြန်မာပြည် ဖဆပလ အဖွဲ့ကြီးအတွက် လူထုဦးလှ နောက်ကွယ်က ယူခဲ့တဲ့ တာဝန်တွေက အများကြီးမဟုတ်လား။ ဆရာကြီးဦးရာဇတ်ရဲ့ လျှို့ဝှက် လက်ရုံးတစ်ဖက်ပဲ မဟုတ်လား။ ဖက်ဆစ် တော်လှန်ရေး လုပ်ကြတော့ လူထုဦးလှဟာ ဗိုလ်မှူးကြီး ဗထူးအတွက် နောက်ကွယ်အတွက် နောက်ကွယ်ကနေ လက်နက် လူသူ ရိက္ခာ ရှာဖွေ ထောက်ပံ့ပေးခဲ့ပြန်တာပါ။ ဦးလှ သူ့ရဲ့ လူထု သတင်းစာကို ဗိုလ်ချုပ်အောင်ဆန်းအာဘော် သတင်းစာအဖြစ် ထုတ်ခဲ့တယ် ဆိုတာ ခုခေတ် နှောင်းလူငယ်တွေ သိချင်မှ သိကြမယ်။
ဒါပါပဲ ကိုဒေါင်း။ လူထုဦးလှဟာ အများအမြင်မှာတော့ မြန်မာပြည်ရဲ့ အန်ဒါဆင်းပဲပေါ့။ ကန့်လန့်ကာနောက်ကွယ်မှာတော့ အရေးတော်ပုံ တပ်သားကြီး တစ်ယောက်ပဲ မဟုတ်လား။
ဒေါ်ခင်မျိုးချစ်၊ လူထုဦးလှတို့လိုပဲ ဂျာနယ်ကျော် ဦးချစ်မောင် ဆိုရင်လည်း ကန့်လန့်ကာ နောက်ကွယ်က လူသား တစ်ဦးပါပဲ။
ဂျာနယ်ကျော် ဦးချစ်မောင်ဟာ ဖဆပလ အဖွဲ့ကြီးရဲ့ ဗဟိုဦးစီးအဖွဲ့ဝင် တစ်ယောက်ပါ။ ဂျပန်ခေတ် တစ်လျှောက်လုံး ဂျာနယ်ကျော် ဦးချစ်မောင် ဂျပန် ခုခံ ဆန့်ကျင်ရေး လုပ်ငန်းတွေ လျှို့ဝှက် လုပ်ကိုင်နေတာ ဗိုလ်ချုပ်အောင်ဆန်းတို့ကလွဲရင် တခြားသူတွေ ဘယ်သူမှ မသိခဲ့ကြပါဘူး။
လွတ်လပ်ရေး ခရီး လမ်းခုလတ်မှာ ဦချစ်မောင် ကွယ်လွန်ရှာတော့ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် သင်္ဂြိုဟ်ခဲ့တဲ့ အဖြစ်ဟာ ဦးချစ်မောင်ရဲ့ ကန့်လန့်ကာ နောက်ကွယ်က သမိုင်း တန်ဖိုးပဲ မဟုတ်လား။
တစ်ခေတ် တစ်ခါတုန်းက အမျိုးသား လွတ်မြောက်ရေး တိုက်ပွဲမှာပဲ ဖြစ်ဖြစ် ဒီကနေ့ ဆင်နွှဲနေတဲ့ ဒီမိုကရေစီ တိုက်ပွဲထဲမှာပဲ ဖြစ်ဖြစ် ကန့်လန့်ကာ နောက်ကနေ တိုင်းပြည်အကျိုး လူထုအကျိုး သယ်ပိုး ထမ်းဆောင်ခဲ့ကြတဲ့ ထမ်းဆောင်နေကြဆဲ ဖြစ်တဲ့ ပုဂ္ဂိုလ်တွေကို ကျနော်တို့ အားလုံးက လေးစား အသိအမှတ်ပြုရမယ် မဟုတ်လား ကိုဒေါင်းရေ။
အားလုံးကို သတိရလျက်-
အောင်ဝေး
Letters from Michigan - 9
Related Posts:
Letters from Michigan - 12မစ်ရှီဂန်မှ ပေးသောစာ (၁၂)မိတ်ဆွေကြီး ကိုဒေါင်း- ကျန်းခံ့သာလို့ မာပါစ။ ဒီရက်ထဲတော့ ရုန်းကန် လှုပ်ရှားရတာတွေက များ၊ လူမအား စိတ်မအားနဲ့မို့ စာကိုေ… Read More
Letters from Michigan - 10 မစ်ရှီဂန်မှ ပေးသောစာ - ၁ဝအောင်ဝေးမိတ်ဆွေကြီး ကိုဒေါင်း -ကျန်းခံ့သာလို့ မာပါစ။ မကြာသေးခင် လပိုင်းတုန်းက ကြားခဲ့ရ ဖတ်ခဲ့ရတဲ့ ကိစ္စ တစ်ခု အပေါ် အခြေခံပြီး… Read More
Letters from Michigan - 13မစ်ရှီဂန်မှပေးသောစာ(၁၃) မိတ်ဆွေကြီးကိုဒေါင်းကျန်းခံ့သာလို့ မာပါစ။ ဒီမှာတော့ နွေဦးရောက်ပြီ ကိုဒေါင်းကြီး။ ဘာပဲဖြစ်ဖြစ် နွေဦးပေါက်ရင် ကျနော်တော့ ရင်ခု… Read More
Letters from Michigan - 14မစ်ရှီဂန်မှပေးသောစာ (အမှတ် - ၁၄) မိတ်ဆွေကြီးကိုဒေါင်း-ကျန်းခံ့သာလို့ မာပါစ။ ပြီးခဲ့တဲ့မတ်လ ကမ္ဘာ့ကဗျာနေ့တုန်းက ပြည်တွင်းက ကဗျာဆရာတွေရဲ့ အနုပညာ လှုပ်ရှာ… Read More
Letters from Michigan - 11 မစ်ရှီဂန်မှ ပေးသောစာ (၁၁)အောင်ဝေးစာပေဟောပြောပွဲတခုတွင် တွေ့ရသော အောင်ဝေး (ဓာတ်ပုံ-မိုးမခ)မိတ်ဆွေကြီး ကိုဒေါင်း-ကျန်းခံ့သာလို့ မာပါစ။ “ရာစုတစ်နှစ်မှာ … Read More
0 comments:
Post a Comment