Sunday, May 30, 2010

Letters from Michigan - 7



မစ်ရှီဂန်မှ ပေးသောစာ - ၇
အောင်ဝေး


မိတ်ဆွေကြီး ကိုဒေါင်း -


ကျန်းခံ့သာလို့ မာပါစ။ ဒီတခါတော့ ရေခြားမြေခြားမှာ အိမ်လွမ်းစိတ်နဲ့ပဲ နေထိုင်ရကြောင်း၊ အိမ်လွမ်း စိတ္တဇကြောင့်ပဲ ဆရာမြသန်းတင့်ကို သတိရသွားမိတဲ့ အကြောင်း ပြောပြချင်တယ်။

မကြာသေးခင်က ဒီမှာ နာမည်ကျော် စာရေးဆရာကြီး J.D. Salinger အသက် (၉၁) နှစ် ကွယ်လွန်သွားပါတယ်။ သူဟာ မြန်မာစာဖတ် ပရိသတ် သိကြတဲ့ The Catcher in the Rye ဆိုတဲ့ ဝတ္ထုကို ရေးခဲ့တဲ့ J.D. Salinger ပါပဲ။ ဒီသတင်း ကြားတော့ ဆရာမြသန်းတင့်ကို သတိရလိုက်တာဗျာ။ ဆရာမြသန်းတင့်က The Catcher in the Rye ကို “လေလွင့်သူ” ဆိုပြီး မြန်မာပြန်ခဲ့တာ လူတိုင်း ကြိုက်ခဲ့ကြတာ မဟုတ်လား။

ဟိုတလောကလည်း Love Story ကို ရေးခဲ့တဲ့ နာမည်ကျော် စာရေးဆရာ Eric Seagul ကွယ်လွန်တော့လည်း ဆရာမြသန်းတင့်ကို အမှတ်ရစရာ ဖြစ်ပြန်တယ် ကိုဒေါင်းရယ်။ Eric Seagul ရဲ့ The Class ဝတ္တုကို ဆရာမြသန်းတင့်က လွမ်းမောဖွယ် တက္ကသိုလ်နွေညများ ဆိုပြီး မြန်မာပြန်ခဲ့တယ်လေ။

အရာရာဟာ တိုက်ဆိုင်တာပဲ ဆိုရင်လည်း ခွင့်လွှတ်ပါ။ ကျနော်တို့ကတော့ ဒီမှာ အိမ်လွမ်းဝေဒနာနဲ့ပဲ နေထိုင်နေကြရတာကိုး။ ကိုဒေါင်းရဲ့ - အိမ်လွမ်းစိတ် ဆိုတာလည်း ဓားလှံလက်နက် လိုပဲ အမြဲထက်နေအောင် သွေးနေရမယ် မဟုတ်လား။ အိမ်လွမ်းစိတ် အမှန်တရားလို့ပဲ ဆိုပါတော့ဗျာ။

၂၀၀၉ နှစ်ကုန်ပိုင်းက ဟောလီးဝုဒ် နာမည်ကျော်မင်းသား ပက်ထရစ်ဆွေဇီ ကွယ်လွန်ခဲ့တယ်ဗျာ။ သူ့ကို မြန်မာ ပရိသတ်က ကောင်းကောင်း သိတယ်။ သူနဲ့မင်းသမီး ဒီမီမိုးတို့ ပါဝင်တဲ့ Ghost - ဝိညာဉ်ချစ်သူ ဇာတ်ကားဟာ မြန်မာ ပရိသတ် အသည်းစွဲပေါ့။

ကျနော်ကတော့ တမျိုး။ ပက်ထရစ်ဆွေဇီနဲ့ ကာလကတ္တားမြို့ ဆင်းရဲသား ရပ်ကွက်ကလူတွေ ပါဝင် သရုပ်ဆောင်ထားကြတဲ့ City of Joy ဝတ္ထုကို ရိုက်ကူးတဲ့ ဇာတ်ကားပေါ့။ ဆရာမြသန်းတင့်က ဒီဝတ္တုကို “သုခမြို့တော်” ဆိုပြီး မြန်မာပြန်ခဲ့တာမို့ ကျနော် ဘာသာပြန်ကိုလည်း ကြိုက် ရုပ်ရှင်ကိုလည်း ကြိုက်ခဲ့တာပါ။

ဆရာမြသန်းတင့်ရဲ့ ကမ္ဘာ့စာပေပေါင်းကူး ကျေးဇူးကတော့ ကျနော်တို့ မြန်မာစာပေအပေါ်မှာ အင်မတန် ကြီးမားခဲ့တာပါ။ ဆရာ့ရဲ့ စာပေကျေးဇူးတွေဟာ ဆပ်မကုန်ပါဘူး။ ဒီလိုပါပဲ။ ဆရာ့ရဲ့ နိုင်ငံရေး ကျေးဇူးတွေလည်း ကျနော်တို့ အပေါ်မှာ တပုံတပင်ပါ။

ဒါတွေကို နှောင်းလူငယ်တွေ သိစေချင်တယ်။ ဆိုပါတော့ ဆရာမြသန်းတင့် ငယ်စဉ်က စာဖတ်ခဲ့ပုံကလေး ကျနော်တို့ အတုယူထိုက်တယ်။ ဂျပန်ခေတ်ကြီးထဲမှာ ဆရာမြက ပုန်းခိုကျင်းထဲ စာရေးဆရာကြီး ရဲထွန်းလင်းရဲ့ အရေးတော်ပုံတပ်သား ဝတ္ထုကို ဖတ်နေတာ စာအုပ် ဆုံးသွားတော့ ဒုတိယတွဲ (ဇာတ်သိမ်းပိုင်း) ဆက်ဖတ်ပါ တဲ့။ ဒုတိယတွဲက အနားမှာ မရှိဘူး။ ဆရာမြ မနေနိုင်တော့ဘူး။ ဒုတိယတွဲ ရှာပုံတော် ဖွင့်တော့တယ်။ ဂျပန်ခေတ်ထဲမှာနော်။ အန္တရာယ်တွေ ကြားမှာနော်။

ဒီလိုနဲ့ ဆရာတို့နဲ့ (၂၂) မိုင်လောက် ဝေးတဲ့ ရွာမှာ စာအုပ်တွေ အများကြီး သယ်လာတဲ့ စစ်ပြေး မိသားစုတစု ရောက်နေတယ် ဆိုတဲ့ သတင်း ဆရာလိုက်တယ်။ မိဘက တားနေတဲ့ ကြားက ဆရာ သုတ်ခြေတင်တော့တာပဲ။ ဆရာ ကံကောင်းခဲ့ပါတယ်။ အဲဒီအိမ်မှာ အရေးတော်ပုံ တပ်သား ဒုတိယတွဲ ဇာတ်သိမ်းပိုင်းကို ညလုံးပေါက် ထိုင်ဖတ်ပြီး ပြန်လာခဲ့တယ် တဲ့။ ၂၂ မိုင်ခရီးကို အသွား ခြေကျင် အပြန် ကုန်းကြောင်းနဲ့ စာအုပ်တအုပ်ကို စွန့်စွန့်စားစား သွားဖတ်ခဲ့တဲ့ ဆရာ။ ဒါ ငယ်ငယ်ကနော်။ နောက်တော့ ဒါတွေဟာ မြသန်းတင့်ကို ဖြစ်လာစေခဲ့တာပဲ မဟုတ်လား။

ဂျပန်ခေတ်ထဲမှာ ဆရာကြုံခဲ့ရတဲ့ သည်းထိတ်ရင်ဖို ဇာတ်လမ်းလေး ရှိသေးတယ်။ ဖက်ဆစ်တွေကို တော်လှန်ဖို့ လျှိ့ဝှက် လှုပ်ရှားနေတဲ့ ဆရာ့ကို ဓားပြတွေက မယုံသင်္ကာဖြစ်ပြီး ဖမ်းရော ဆိုပါတော့။ ပြီးတော့ သတ်မယ် တကဲကဲပေါ။ အဲဒီမှာ ဆရာမြသန်းတင့်က သူ့ကို သတ်မယ့် ဓားပြတွေကို နိုင်ငံရေးတရား ဟောတယ်။ ဓားပြတွေကလည်း မြန်မာလူမျိုးတွေ ဖြစ်တယ်၊ ဖက်ဆစ်ဂျပန်ဟာ ဘုံရန်သူပဲ၊ ဘုံရန်သူကို မြန်မာ တမျိုးသားလုံး ပူးပေါင်းပြီး တိုက်ဖို့ လိုတယ်ပေါ့။ အံ့သြစရာပဲဗျ ရှင်မတောင် ခင်မောင် ခေါင်းဆောင်တဲ့ ဓားပြဂိုဏ်းကြီး ဖက်ဆစ် တော်လှန်ရေးထဲ ပါဝင်လာရော တဲ့။

ပြီးတော့ လွမ်းစရာ ရှိသေးတယ်။ နှောင်းလူငယ်တွေ သိစေချင်လို့ ကျနော် ပြောလိုက်ဦးမယ် ကိုဒေါင်း။

၁၉၄၅ ဖက်ဆစ်တော်လှန်ရေးကြီး ပြီးသွားခဲ့ပြီ။ ဖက်ဆစ်ကို တော်လှန်တုန်းက အဓိကတပ်ဦး တခု ဖြစ်တဲ့ ဗမာပြည် ကွန်မြူနစ်ပါတီက ဖြစ်ချင်တော့ ၁၉၄၆ ထဲမှာ သခင်စိုးနဲ့ သခင်သန်းထွန်း နှစ်ခြမ်း ကွဲပါလေရောလား။ သခင်စိုး ဂိုဏ်းကို အလံနီ၊ သခင်သန်းထွန်း ခေါင်းဆောင်တဲ့ ဘက်ကို အလံဖြူ ဆိုပြီး လူထုကြားမှာ နစ်နီ - နစ်ဖြူ နှစ်ခြမ်း ဗြန်းဗြန်း ကွဲရော ဆိုပါတော့။

ပခက္ကူဘက်မှာ ထင်ပါရဲ့ ဆရာမြသန်းတင့်က စင်ပေါ်ကနေ လူထုကို ကွန်မြူနစ် နိုင်ငံရေး တရား ဟောနေတာ။ ဟောနေတုန်း လူတယောက်က ကွန်မြူနစ်ပါတီ နှစ်ခြမ်း ကွဲသွားတဲ့ သတင်း လာလည်း ပြောလိုက်ရော ဆရာမြသန်းတင့် အကြီးအကျယ် စိတ်ထိခိုက် ကြေကွဲ ယူကျုံးမရ ဖြစ်ပြီး စင်ပေါ်မှာ အရုပ်ကြိုးပြတ် မူးမေ့ လဲကျသွားတဲ့ အဖြစ်ဟာ ဆရာ့ရဲ့ တော်လှန်ရေးသမား စစ်စစ် အဓိပ္ပာယ်ကို ဖော်ပြနေတာပဲ မဟုတ်လား ကိုဒေါင်းရဲ့။

မြန်မာ့ နိုင်ငံရေးလောကမှာ မြန်မာ စာပေအနုပညာလောကမှာ နှစ်မျိုးပဲ ရှိပါတယ် ကိုဒေါင်း။ တမျိုးက တော်လှန်ရေးသမား စစ်စစ်။ တမျိုးက ဖောက်ပြန်ရေးသမား စစ်စစ်။ ဒီနှစ်မျိုးပဲ မဟုတ်လား။

တော်လှန်ရေးသမား စစ်စစ်ဟာတွေဟာ ညီညွတ်ရေးကို တန်ဖိုးထားကြပါတယ်။ စစ်မှန်တဲ့ ညီညွတ်ရေးကို သူတို့ လိုလားကြပါတယ်။

ဆရာမြသန်းတင့်ရဲ့ နိုင်ငံရေး ကျေးဇူးလည်း ကျနော်တို့ အပေါ်မှာ မကင်းဘူးလို့ ကျနော် ပြောခဲ့တယ်။ မှတ်မှတ်ရရ ဆရာ မကွယ်လွန်ခင် လပိုင်းအလို ၁၉၉၈ ခုနှစ် နှစ်သစ်ကူးတဲ့ နေ့မှာ ကျနော်နဲ့ သူငယ်ချင်း ကာတွန်းဆရာ တို့ကို ဆရာမြသန်းတင့် လက်ဆောင်ပေးခဲ့တဲ့ သြဝါဒစကား။

“ပေါင်းစည်းရင်း ကွဲကွဲခွင့် ရှိတယ်၊ ကွဲလွဲရင်း ပေါင်းစည်းနိုင်ရမယ်” တဲ့။ ဒီသြဝါဒ ဒီကနေ့ မြန်မာ့ အရေးမှာ ကျနော်တို့ အလေးအနက် ထားရမယ် မဟုတ်လား ကိုဒေါင်း။

အားလုံးကို သတိရလျက်-
အောင်ဝေး
2/9/10

(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။ ကဗျာဆရာအောင်ဝေးသည် အမေရိကန်ပြည်ထောင်စု၊ မစ်ရှီဂန်ပြည်နယ်တွင် ရောက်ရှိနေသည်။)

Related Posts:

  • Students' Movements in Burma'လွတ်လပ်သည့် အာရှအသံ / RFA မြန်မာပိုင်းတွင် ထုတ်လွှင့်ခဲ့သည့် အခန်းဆက် ဆောင်းပါးများကိုဗဟိန်းမှသည် ကျော်ကိုကိုအထိ ၁) နိဒါန်း၂) ‘အိုးဝေကျေးဇူး’၃) ‘၁၉၂ဝ … Read More
  • Letters from Michigan - 6မစ်ရှီဂန်မှ ပေးသောစာ - ၆အောင်ဝေးမေ ၁၆၊ ၂၀၁၀မိတ်ဆွေကြီး ကိုဒေါင်း -ကျန်းခံ့သာလို့ မာပါစ။ နိုင်ငံရေး အနုပညာ အယူအဆတရပ် ဘယ်လို အတိုက်အခိုက်တွေကို ကျော်လွှ… Read More
  • Letters from Michigan - 5 မစ်ရှီဂန်မှ ပေးသောစာ - ၅အောင်ဝေးမေ ၉၊ ၂၀၁၀မိတ်ဆွေကြီး ကိုဒေါင်း -ကျန်းခံ့သာလို့ မာပါစ။ သမိုင်းရဲ့ ကံကြမ္မာအကြောင်း စဉ်စားမိတာနဲ့ ဒီစာကို ရေးလိုက်တာပါ။… Read More
  • Revolution participantsလွတ်လပ်သည့် အာရှအသံ / RFA မြန်မာပိုင်းတွင် ထုတ်လွှင့်ခဲ့သည့် အခန်းဆက် ဆောင်းပါးများအရေးတော်ပုံ ရင်ခုန်သူများ၁) နိဒါန်း၂) မြသန်းတင့်၃) မောင်သော်က၄) ထွန်… Read More
  • Letters from Michigan - 7 မစ်ရှီဂန်မှ ပေးသောစာ - ၇အောင်ဝေးမိတ်ဆွေကြီး ကိုဒေါင်း -ကျန်းခံ့သာလို့ မာပါစ။ ဒီတခါတော့ ရေခြားမြေခြားမှာ အိမ်လွမ်းစိတ်နဲ့ပဲ နေထိုင်ရကြောင်း၊ အိမ်လွမ်း… Read More

0 comments: