မစ်ရှီဂန်မှ ပေးသောစာ - ၃
အောင်ဝေး
မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့ မာပါစ။ ဒီတပတ်မှာတော့ ပြည်ပရောက်နေတဲ့ စာရေးဆရာ ကဗျာဆရာတွေ ဘယ်လို စာရေးနေကြတယ် ဆိုတဲ့ အကြောင်း ပြောပြပါ့မယ်။
ကိုဒေါင်းလည်း သိပါတယ်။ ပြည်တွင်းမှာ တုန်းကတော့ ကျွန်တ်ာတို့က Professional Writers တွေလို့ ခေါ်ရမှာပေါ့၊ မိသားစု စားဝတ်နေရေး အတွက် စာရေးလို့ရတဲ့ စာမူခနဲ့ပဲ ရပ်တည်ခဲ့ကြတာကလား။
ခု ပြည်ပမှာတော့ ဒီလို မရတော့ဘူး ကိုဒေါင်းရဲ့။ ပြည်ပမှာ ကျွန်တော်တို့ စာရေးပြီး ရပ်တည်လို့ မရဘူး။ ဒီမှာ မြန်မာစာပေနဲ့ ရပ်တည်နိုင်တဲ့ မြန်မာစာပေ အသိုင်းအဝိုင်း မရှိဘူး။ ပြည်ပမှာကလည်း မြန်မာ စာရေးဆရာ၊ ကဗျာဆရာရယ်လို့ လက်ချိုးရေလို့ ရပါတယ်။ ဒီအထဲမှာ ဆရာဂျမ်း (ဦးတင်မိုး)က ကွယ်လွန်သွားပါပြီ။
ဒီမှာက အသက်ရှင် ရပ်တည်ဖို့အတွက် အခြား ကိုယ်နဲ့ သင့်တော်ရာ အလုပ်တွေ လုပ်ကြရတာပါ။ စားဝတ်နေရေး၊ အသက်ရှင် ရပ်တည်ရေး ဖူရုံ လုံရုံပဲ ဆိုပါတော့။ ဝမ်းရေးကတော့ မခက်ဘူးလို့ ပြောရမှာပေါ့။
ဥမ္မာဒန္တီ ပျို့ထဲမှာ “ပြည်ထဲရေးနှင့် ဝမ်းရေးတို့ထက် လွမ်းရေးခက်ခဲ့၏” လို့ ဦးရွှန်း ဖွဲ့ခဲ့သလို အခု ခက်နေတာက ပြည်ထဲရေးနဲ့လွမ်းရေး။ အမိမြေက ဒီမိုကရေစီ အရေးတော်ပုံ အပြီး မသတ်သေးဘူး။ အောင်ပွဲ မခံသေးဘူး။ ဒေါ်အောင်ဆန်းစုကြည် တဖွဖွ တောင်းဆို တိုက်တွန်းနေတဲ့ အမျိုးသား ပြန်လည် သင့်မြတ်ရေး၊ အမျိုးသားပြန်လည်သင့် မြတ်ရေး တွေ့ဆုံဆွေနွေးရေးဆိုတာ နအဖ စစ်အုပ်စုကြောင့် ခက်ခဲ ကြန့်ကြာနေရတုန်းပဲ။ ဒီအခက်အခဲက ပြည်ပ ရောက်နေတဲ့ စာပေသမားတွေကိုလည်း စေ့ဆော် ရိုက်ခတ်ပါတယ်။
မိတ်ဆွေကြီး ကိုဒေါင်း ပြည်ထဲရေး ခက်နေမှတော့ ကျွန်တော်တို့ရဲ့ အိမ်လွမ်း စိတ္တဇမှာလည်း အခက်အခဲ အမျိုးမျိုးနဲ့ ရင်ဆိုင်ရတာပေါ့။ ဘယ်တော့များမှ ကျွန်တော်တို့ အေဝမ်းဆရာညှာရဲ့ ပြည်တော်ဝင် သီချင်းကို ဆိုနိုင်ကြပါမလဲ။ ဘယ်ခါများမှ ကျွန်တော်တို့ ဆရာ ဦးတင်မိုးရဲ့ 'အောင်စည်ဆော်လော့' ပြည်တော်ဝင်ခန်း ရောက်ချေပြီ ဆိုတဲ့ ကဗျာကို ရွတ်ဆိုရပါ့မလဲ။ အခက်အခဲ အတားအဆီးတွေ ရှိနေတယ်။
ဒီအခက်အခဲတွေကပဲ အဝေး ရောက်နေတဲ့ ကျွန်တော်တို့ကို စာတွေရေးဖြစ်ဖို့ အဓိက တွန်းအားပေး မောင်းနှင်နေတာပါ။ ပြည်ပမှာတော့ အများအားဖြင့် အင်တာနက် စာမျက်နှာဝက်ဘ်ဆိုက်တွေ ဘလော့တွေမှာ ကျွန်တော်တို့ စာရေးကြရတာပါ။ တချို့လည်း ရေဒီယိုတွေမှာ အသံလွှင့်ဆောင်းပါး ရေးသူဖတ်သူတွေ ရေးကြဖတ်ကြရတာပေါ့။
ပြည်ပရောက်လာတော့ လွတ်လွတ်လပ်လပ် ရေးခွင့် ပြောခွင့် ရလာတာကတော့ အမှန်ပဲကိုဒေါင်း။ ဒီမှာ စာပေစစစ်ရေး မရှိဘူးလေ။ ဒီမှာ နအဖ စစ်အုပ်စုရဲ့ အငြိအငြင်ကို အခံချင်တဲ့ မခံနိုင်တဲ့ ထုတ်ဝေသူတွေ အယ်ဒီတာတွေ မရှိပါဘူး။ ဒီမှာ ပြည်ပမှာ စာပေ အနုပညာ လွတ်လပ်ခွင့် အပြည့် ရှိတယ် ဆိုတာ ယုံလိုက်ပါ ကိုဒေါင်း။
ဒါပေမဲ့ လွတ်လပ်မှုရဲ့ နောက်မှာ တာဝန်ယူမှု ဆိုတာက ကပ်ပါလာတာကိုတော့ မေ့လျော့ထားလို့ မဖြစ်ဘူး။ လွတ်လပ်မှုနဲ့ တာဝန်ယူမှုဟာ အမြဲဒွန်တွဲ ဆက်စပ်နေတယ်။ ကျွန်တော်တို့ဟာ ကျွန်တော်တို့ရေးတဲ့ စာတွေအတွက် တာဝန်ယူကြရပါမယ်။
တာဝန်မယူနိုင်ဘဲနဲ့ စာပေလွတ်လပ်ခွင့်ကို အလွဲသုံးစား လုပ်လို့ မရဘူး။ ဒီတော့ ကျွန်တော်တို့ အဝေးရောက် မင်းများမှာလည်း စာပေ လွတ်လပ်ခွင့်ကို စည်းထဲဘောင်ထဲကပဲ မှန်မှန်ကန်ကန် အသုံးချကြရတာပါပဲ။
လွတ်လပ်မှုဆိုတာလည်း ဘောင်ရှိတာပဲ။ အကန့်အသတ် ရှိတာပဲ။ ဘယ်နေရာမှာမှ ပကတိ လွတ်လပ်မှု Absolute Freedom ဆိုတာတော့ မရှိနိုင်ဘူး မဟုတ်လား။ လွတ်လပ်မှု ဆိုတာ လွတ်လပ်မှုအတွက် ရင်းနှီး ပေးဆပ်ရတာတွေ တာဝန်ယူရတာတွေ ရှိစမြဲပါ။
ဒီတော့ ပြည်ပရောက် ကျွန်တော်တို့ရဲ့ စာတွေကို အကြမ်းဖျင်း သုံးသပ်ရမယ် ဆိုရင်တော့ ကျွန်တော်တို့ အဝေးရောက် စာတွေဟာ စည်းလွတ်ဝါးလွတ်နဲ့ တာဝန်မဲ့ ပြောဆို ရေးသားနေတာတွေတော့ မဟုတ်ပါဘူး။ ဒီလို စည်းလွတ် ဝါးလွတ် တာဝန်မဲ့ ပြောခွင့်ရေးခွင့် လုံးဝမရှိပါဘူး။ ရေးသူဘက်က စေတနာမှန်၊ ခံစားမှုမှန်ပြီး ထက်သန်တဲ့ တိုင်ပြည်ချစ်စိတ် အိမ်လွမ်းစိတ်တွေနဲ့ အနုပညာရသမြောက်အောင် ဖန်တီးရေးဖွဲ့နိုင်မှပဲ ဒါကို စာပေ လက်ရာ တစ်ခုလို့ သတ်မှတ်ရမှာပဲ ကိုဒေါင်း။
တစ်ခုတော့ရှိတာပေါ့ဗျာ။ ပြည်တွင်းမှာတုန်းက ကျွန်တော်တို့ဟာ စာပေစိစစ်ရေးက ရှေ့က ပိတ်ခံနေတော့ လွတ်လွတ်လပ်လပ် ရေးခွင့်မရခဲ့ဘူး။ ပြည်သူ့ဘဝကို ပွင့်ပွင့် လင်းလင်း ဖော်ထုတ်လို့ မရခဲ့ဘူး။ ဒီတော့ ကျွန်တော်တို့ သွယ်ဝိုက် ရေးကြရတယ်။ လှည့်ပတ်ပြီး လျှို့လျှို့ ဝှက်ဝှက် ရေးကြရတယ်။ အဓိပ္ပာယ် ဝှက်ပြီး လွတ်အောင် ရေးကြရတယ်။ ကိုယ်ရေးတဲ့စာလေး စာဖတ်ပရိသတ်လက်ထဲ ရောက်အောင် စာပေစိစစ်ရေးဆိုတဲ့ တယ့် အတားအဆီးကြီးကို နည်းမျိုးစုံ သုံးပြီး ကျော်ဖြတ်ခဲ့ကြရတာပါပဲ။
အောင်မြင် လွန်မြောက်ခဲ့တာတွေလည်းရှိ ဆုံးရှံး ကျဆုံးခဲ့တာတွေလည်းရှိ ပြည်တွင်းက စာနယ်ဇင်းလောက ကတော့ နအဖ အစိုးရ အလိုကျ ဖြစ်နေရတာပေါ့။
ဒီမှာတော့ ဒီလိုမဟုတ်ဘူးပေါ့ဗျာ။ စာပေစိစစ်ရေးမှ မရှိဘဲဟာကိုး။
ဒီနေရာမှာ စကားကြုံလို့ မင်းကိုနိုင်ရဲ့ “နောက်ကြည့်မှန်” ဝတ္တုစာအုပ်ထဲ ရေးထားတာလေး ပြောပြချင်တယ်။ ဝတ္တုထဲမှာ ရှစ်လေးလုံး အကြို ကျောင်းသားတွေ အစိုးရ ဆန့်ကျင်ရေး လျှိ့ဝှက်စာစောင် လုပ်ကြတော့ ဇာတ်ကောင် တဦးဖြစ်တဲ့ သူရ ဆိုတဲ့ ကျောင်းသားက ဇာတ်လိုက် ဖေသောင်းကို ပြောတဲ့စကား။
“ကဗျာလည်း ရေးလေကွာ ဗြောင်ကျကျ ရေးကွာ၊ ရွှေကျောင်းက ဖေသောင်း ဆိုပြီး ကလောင်နာမည်တပ်” တဲ့။ ဒီစာကြောင်းလေး ကျွန်တော် မင်နီနဲ့ မျဉ်းတားထားတယ်။
ပြည်ပရောက် မြန်မာစာပေဟာ ဗြောင်ကျကျ ရေးရမယ် ဆိုတာ ကျွန်တော် ထောက်ခံတယ်။ ဒါပေမဲ့ အနုပညာတော့ မြောက်ရမယ်။ ဒါကိုမမေ့နဲ့။
အားလုံးကိုသတိရလျက်--
အောင်ဝေး
၁/၁၁/၁၀
(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။)
0 comments:
Post a Comment