မင်းသုဝဏ်၊ ဇော်ဂျီ၊ သိပ္ပံမောင်ဝ
မိတ်ဆွေကြီး ကိုဒေါင်း -
ကျန်းခံ့သာလို့ မာပါစ။ ဒီတစ်ခါတော့ “ပညာရှင်စိတ်ထား” ဆိုတာနဲ့ ပတ်သက်လို့ ကျနော် တွေးမိတာကို ပြောပြပရစေ။
ဒီရက်တွေထဲမှာ ကိုယ့်စာပေ ကိုယ့်ဘာသာစကား အကြောင်းကို ကိုယ့် အချင်းချင်းနဲ့ရော တခြားသူတွေနဲ့ပါ ပြောမိကြတဲ့ အထဲမှာ “မြန်မာခေတ်ပေါ်စာပေအစ ခေတ်စမ်းက” ဆိုတဲ့ စကားလည်း ပါလာခဲ့ပါတယ်။
ခေတ်စမ်းရဲ့ ကျေးဇူးဟာ ကျနော်တို့ မြန်မာစာပေ အပေါ်မှာ အင်မတန် ကြီးပါတယ်။ ကျေးဇူး ကြီးလွန်းလှတဲ့ ခေတ်စမ်း အကြောင်း တွေးမိတော့ ခေတ်စမ်းစာပေကို ဦးဆောင်ခဲ့ကြတဲ့ ဆရာကြီးသုံးပါး ပုဂ္ဂိုလ်ကြီး သုံးဦးရဲ့ ပညာရှင် စိတ်ထားတွေကို ကျနော် ပြန် လွမ်းဆွတ်မိသွားတယ်ဗျာ။
ဇော်ဂျီ၊ မင်းသုဝဏ်၊ သိပ္ပံမောင်ဝဆိုတဲ့ ရန်ကုန်တက္ကသိုလ်ကျောင်းထွက် ကဗျာဆရာ၊ စာရေးဆရာ သုံးယောက်ဟာ ခေတ်စမ်းစာပေရဲ့ ဥသျှောင်တွေပဲ မဟုတ်လား ကိုဒေါင်း။ ဇော်ဂျီနဲ့ မင်းသုဝဏ်က ကဗျာဘက်မှာ ရှေ့ဆောင်ခဲ့တယ်။ သိပ္ပ္ပံမောင်ဝကတော့ စကားပြေ ခေါင်းဆောင်ပေါ့။
တိုတိုပြောရရင် ခေတ်စမ်းညီနောင် သုံးဦးဟာ နောက်ပိုင်းမှာ သိပ္ပံမောင်ဝ (ဦးစိန်တင်)က ဗြိတိသျှ ပဋိညာဉ်ခံ ဝန်ထမ်း (အိုင်စီအက်စ်) ဖြစ်သွားပြီး နယ်ချဲ့အစိုးရ အမှုတော်ကို ထမ်းရတယ်။ ဇော်ဂျီ (ဦးသိန်းဟန်)နဲ့ မင်းသုဝဏ် (ဦးဝန်) တို့ကတော့ ရန်ကုန် တက္ကသိုလ်မှာပဲ ဆရာတွေ ပြန်လုပ်ခဲ့ကြတာပါ။
၁၉၃၆ခုနှစ် ဒုတိယ တက္ကသိုလ် ကျောင်းသားသပိတ်ကြီးဖြစ်တော့ ရွှေတိဂုံ သပိတ်စခန်းကို ကိုယ်တိုင်လာပြီး သပိတ်မှောက် ကျောင်းသူ ကျောင်းသားတွေကို အားပေးခဲ့တာက ဆရာပေါက်စတွေ ဖြစ်ကြတဲ့ ဇော်ဂျီနဲ့ မင်းသုဝဏ်ပါပဲ။ သိပ္ပံမောင်ဝကတော့ အင်္ဂလိပ်အစိုးရ ဝန်ထမ်း ဖြစ်နေပါပြီး။ သူ့ဝန်ထမ်း ဖြစ်နေတော့ သူ့ဆန်စားရဲမှ ဆိုတဲ့ သဘောက ရှိတယ်လေ။
အဲဒီအချိန်က နယ်ချဲ့ ဗြိတိသျှရဲ့ အမှုထမ်း ဖြစ်နေကြတဲ့ မြန်မာလူမျိုးတွေကို တချို့တွေက နယ်ချဲ့ အလိုတော်ရိလို့ အပြစ်မြင် အထင်လွဲခဲ့ကြတာ မဟုတ်လား။
ဆရာသိပ္ပံမောင်ဝဟာ နယ်ချဲ့ အစိုးရရဲ့ အရာရှိ ဆိုတာတော့ မှန်ပါတယ်။ သူရေးတဲ့ ခေတ်စမ်း ဝတ္တု ဆောင်းပါးတွေကို မြန်မာစာဖတ် ပရိသတ် သိပ်ကြိုက်ကြပါတယ်။
ကိုဒေါင်းရေ သိပ္ပံမောင်ဝဟာ နယ်ချဲ့အစိုးရ အရာရှိ ဖြစ်နေလေတော့ မြန်မာ့ လွတ်လပ်ရေးကို သူ မေ့လျော့နေမယ်လို့ တချို့ ထင်ချင် ထင်ကြမယ်ဗျာ။ တကယ်တော့ မဟုတ်ပါဘူး။ မဟုတ်ဘူး ဆိုတဲ့ အချက်ကို “သပြေညို” ကဗျာက သက်သေခံ ရှင်းပြနေတယ် ဆိုရင် အံ့သြစရာပဲ မဟုတ်လား ကိုဒေါင်း။
“သူ့ခေါင်းမှာတဲ့ သပြေညို၊ ငါ့ခေါင်းမှာတဲ့ သပြေညို - တို့ပြေမှာ တို့မေကမ်းပါတဲ့၊ သပြေညို ရွှေဘိုပန်းဟာက၊ လန်းလျက်ပါကို” ဆိုတဲ့ ဆရာမင်းသုဝဏ်ရဲ့ သပြေညို ကဗျာပါ။
အဖြစ်က ဒီလိုတဲ့ ကိုဒေါင်းရဲ့။ ဆရာမင်းသုဝဏ် ဘိလပ်ကို ပညာတော်သင် ရောက်နေတဲ့ အချိန်ကပေါ့။ ၁၉၃၈ခုနှစ် နှစ်သစ်ကူးမှာ ဆရာရယ်၊ ဦးအုန်းမောင်ရယ်၊ ဦးဘကျော်ရယ် သုံးယောက်သား ဗြိတိန်နိုင်ငံ ဝေလနယ်မြောက်ပိုင်းက ဟာဂျင်ဆိုတဲ့ ရွာကလေးကို ဆောင်းခိုဖို့ ရောက်နေကြတယ်။
အဲဒီရွာက စိန့်ဒိုင်အိုနီးယား စာကြည့်တိုက်မှာ ဆရာမင်းသုဝဏ်က ကဗျာတပုဒ်ရေးတယ်။ အဲဒီကဗျာက သပြေညိုပဲ။ ကဗျာရေးတဲ့ ရက်စွဲက ၁၉၃၈ခုနှစ် ဇန်နဝါရီလ (၄) ရက်နေ့တဲ့။ ကဲ - ဘယ်လောက် တိုက်ဆိုင်လိုက်လေသလဲ ကိုဒေါင်း။ သပြေညို ကဗျာရေးပြီးလို့ (၁၀)နှစ် တင်းတင်း ပြည့်တဲ့ နေ့မှာ ကျနော်တို့ မြန်မာနိုင်ငံ လွတ်လပ်ရေး ရခဲ့တာ မဟုတ်လား။ ဒါ ထားတော့။
ဆရာမင်းသုဝဏ်က သပြေညိုကဗျာကို ဘိလပ်ကနေ ရန်ကုန်ကို ပို့လိုက်တယ်။ ကဗျာက ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ (တကသ) အာဘော် ဖြစ်တဲ့ အိုးဝေ မဂ္ဂဇင်းမှာ ကာတွန်း ဦးဘဂျမ်း သရုပ်ဖော်ပုံနဲ့ ပါလာခဲ့တယ်။
“ဘာမလျှော့လေနဲ့၊ လာတော့မကွဲ့ ရွှေပဟိုရ်၊ လေချိုက အသွေး” အဲဒီလို လွတ်လပ်ရေးအတွက် အားမလျှော့ဖို့ ဆရာက အားပေးထားတာလေ။ “လင်းကြက် အဆော်၊ ကွင်းထက်မှာ တူပျော်ပျော်နဲ့၊ စည်တော်ကို ရည်မျှော် မှန်းကာပ၊ ရောင်နီမှာ အောင်စည် ရွမ်းရအောင်၊ သပြေညို ရွှေဘိုပန်းရယ်နဲ့၊ လှမ်းကြစို့လေး” တဲ့။ လွတ်လပ်ရေး အတွက် အားတင်းသံပေါ့။
အဲဒီနောက်တော့ ၁၃၀၀ ပြည့် အရေးတော်ပုံကြီး ဖြစ်လာတယ်။ အင်္ဂလိပ် အခက် ဗမာ့အချက် ဆိုပြီး ဖြစ်လာတယ်။ ဖက်ဆစ်ဂျပန်တွေ ဝင်မလာခင် တိုင်းပြည် မငြိမ် မသက် ဖြစ်နေတဲ့ အချိန်။ သိပ္ပံမောင်ဝဟာ အဲဒီအချိန်မှာ နယ်ချဲ့အစိုးရ ပြန်ကြားရေး အတွင်းဝန် ဖြစ်နေတာ။ အဲဒီမှာ ဘာလုပ်သလဲ ဆိုတော့ သိပ္ပံမောင်ဝက သူ့လုပ်ပိုင်ခွင့်နဲ့ သပြေညိုကဗျာကို အကြီးအကျယ် ပုံနှိပ်ပြီး နိုင်ငံအနှံ့ ဖြန့်ခိုင်း ဝေခိုင်းခဲ့တာပါပဲ တဲ့။
သိပ္ပံမောင်ဝ သပြေညို ကဗျာကို ဖြန့်နေတဲ့ အချိန်မှာ ဆရာ မင်းသုဝဏ်က အင်္ဂလန်မှာပဲ ရှိပါသေးတယ်။ ဒီအကြောင်း ဆရာဇော်ဂျီ ပြန်ပြောပြလို့ ဆရာ မင်းသုဝဏ် သိခဲ့ရတာလို့ ဆိုပါတယ်။ ဆရာ မင်းသုဝဏ်က သိပ္ပံမောင်ဝဟာ နယ်ချဲ့အစိုးရ ဝန်ထမ်း ဖြစ်နေပေမဲ့ သူ့မှာ အမျိုးသားရေးစိတ်၊ လွတ်လပ်ရေး လိုလားတဲ့စိတ် ရှိလို့သာ သပြေညိုကဗျာကို ဖြန့်ဝေခဲ့တာလို့ ၁၉၈၇ ခုနှစ် လောက်က ပြောပြဖူးပါတယ်။
ကျနော်တွေးမိတာက ဆရာဇော်ဂျီ၊ ဆရာမင်းသုဝဏ်တို့ရဲ့ ပညာရှင်စိတ်ထားကိုပါ။ ဆရာတို့ဟာ ရေးဖော် ရေးဖက် တစ်ဦးအပေါ်မှာ အပြစ် မမြင်ဘူး အချစ် ဝင်ခဲ့ကြတယ်။ ဥပေက္ခာ မပြုဘူး၊ မုဒိတာ ပွားခဲ့ကြတယ်။ သိပ္ပံမောင်ဝဟာ ဗြိတိသျှအစိုးရ ပဋိညာဉ်ခံ ဝန်ထမ်း ဖြစ်တာနဲ့ပဲ မြန်မာ့လွတ်လပ်ရေးကို မေ့လျော့ရရိုး ဆန့်ကျင်ရရိုး ရှိတော့လား။
ကိုဒေါင်း ဒါပါပဲ။ ဒီနေ့ စစ်ကျွန်ဖြစ်နေရတဲ့ ခေတ်မှာလည်း ဝန်ထမ်းတွေ အများစုဟာ ပြည်သူတွေနဲ့ ထပ်တူ ဒီမိုကရေစီ အရေးကို မေ့လျော့မနေကြဘူး ဆိုတာ ပြောနေဖို့ လိုသေးလို့လားဗျာ။ ။
အားလုံးကို သတိရလျက်-
အောင်ဝေး
၁/၂၇/၁၀
(RFA ခေါ် လွတ်လပ်သည့် အာရှအသံ www.rfa.org/burmese က ထုတ်လွှင့်ခဲ့သည့် အသံလွှင့် ဆောင်းပါးကို ပြန်လည် ဖော်ပြခြင်း ဖြစ်သည်။)
0 comments:
Post a Comment