နိုင်မွန်အောင်သွင်ရေ …
ဆစ်ဒနီမှာ
ဖြစ်တည်ရဲ့လား။
ကလော- အောင်ပန်း
ဒဂုန်တာရာလမ်းကလေး
လွမ်းနေပြီလား။
ဒီအချိန်ဆို
မှိုင်းလုံးတောင်ထိပ်မှာ
မိုးရိပ်တွေ ဆင်နေရော့ မယ်။
ဘ၀ကို မကျေနပ်တိုင်း
ကဗျာရိုင်းရိုင်းဖွဲ့
မုန်တိုင်းကို လွှဲသိပ်ခဲ့တဲ့ 
ရက်တွေ။
“အချစ်ရေ …
မြေနဲ့ ကောင်းကင်၊ မြင်နေသမျှ
အလှခေတ်ဦး
ဖူးသစ်လာမှာ ပါပဲကွယ်၊ ယုံပါ”
(မောင်လေးအောင်)
အခုတော့
သြဇီဒွန္နယာမှာ
အဘိဓမ္မာ ရှာသူရှာ။
အခုတော့
မစ်ရှီဂန်မဲဇာမှာ
ကာရန် ရှာသူရှာ။
“ဘယ်တော့ ပြန်မလဲ”
တစ်ယောက်ရင်ထဲ
တစ်ယောက် ၀င်မကြည့်ရဲဘူး။
ရှင်ကွဲလား
သေကွဲလား။
ဝေးခဲ့သမျှ
အဝေးတကာ့  အဝေးဆုံးဟာ
နွေဦးနဲ့ ဝေးရတာပဲ မဟုတ်လား
ရဲဘော်ရာ။ ။
0 comments:
Post a Comment