Thursday, October 11, 2012

ထွ က်ေ တာ် မူ န န်း က ခွာ တ ယ် ( အပိုင်း- ၂ )


On The Run From Rangoon


(အမှားပြင်ဆင်ချက်။ အပိုင်း -၁၊ ဆောင်းပါးအောက်ခြေ စာပြီးရက်စွဲကို (အောက်တိုဘာ ၇- ၂၀၁၂)ဟု ပြင်ဆင်ဖတ်ရှုပါရန်။)

ပြေး ပြေး ပြေး။
ပုန်းခိုကျင်းတစ်ခုတည်းမှာ နှစ်ခါပြန် ပုန်းလို့ မရ။ ဒီတစ်ခါ ကျနော် ရှောင်ရင်းတိမ်းရင်း
ရောက်သွားတဲ့နေရာက မထင်မှတ်ဘဲ သတ်ကွင်းနှင့် အတော်ကလေးနီးသွားသည်။ ရေဒီယိုကလေး
တစ်လုံးရှိနေသေးသည့်အတွက် ကမ္ဘာကြီးနှင့်တော့ ကျနော်အဆက်မပြတ်သေးပါ။
            ကိုမင်းကိုနိုင်တို့ ၊ ကိုကိုကြီးတို့ ၊ ကိုဂျင်မီတို့ တစ်အုပ်စုကြီး (၂၀၀၇ သြဂုတ် ၂၀) အဖမ်းခံသွားရတဲ့
အချိန်မှာ ကိုဌေးကြွယ်ကို စစ်တပ်က မမိလိုက်ဘဲ လွတ်ကျန်ရစ်ခဲ့သည်။ သူလည်း တောက်လျှောက် ပြေးလွှား
ပုန်းအောင်းလှုပ်ရှားနေရသည်။ ကျနော်တို့ ၊ ကိုဇာဂနာတို့ က ကိုဌေးကြွယ်နှင့် ဖုန်းအဆက်အသွယ်တော့ရှိ
သည်။ ရွှေဝါရောင်တွေဖြစ်လာတော့ ကိုဌေးကြွယ်က သူထွက်မယ်ချည်းလုပ်နေလို့ ၊ ကိုဇာဂနာက တားနေရ
သည်။ သူတို့ အသံတွေကို ရေဒီယိုက ကြားနေရသည်။ ကိုဌေးကြွယ်အသံ၊ ကိုလှမျိုးနောင်အသံ၊ မနီလာသိန်း
အသံ။
            ကိုဂျင်မီနှင့်မနီလာသိန်းတို့ ရှစ်ဆယ့်ရှစ်မျိုးဆက် ဇနီးမောင်နှံမှာ လသားအရွယ် သမီးငယ်ကလေး
တစ်ယောက်ရှိသည်။ ကိုဂျင်မီက အဖမ်းခံနေရသည်။ မနီလာသိန်းက ပြေးလွှားရှောင်တိမ်းနေရသည်။ သမီး
ငယ်ကလေးက၊ ဘိုးအေဘွားအေရဲ့ ရင်ခွင်ထဲမှာ နို့ ဆာလို့ အော်ငိုရင်း ကျန်ရစ်ခဲ့ရှာသည်။
            ကဗျာဆရာသည် ခံစားတတ်သူဖြစ်သည်။ ထွက်ပြေးနေရင်းကပင် သူသည် ကိုဂျင်မီ၏ရင်ထဲ၊ မနီလာ
သိန်း၏ရင်ထဲကို ၀င်ရောက်ခံစားနာကျင်နေခဲ့တာဖြစ်သည်။ ထိုကဲ့သို့ နာကျင်နေဆဲမှာပင်၊ သူ၏ပုန်းခိုရာကျင်း
ကလေးနှင့်မနီးမလှမ်း ဘုန်းကြီးကျောင်းတွေကို စစ်တပ်က ၀င်ရောက်စီးနင်းတိုက်ခိုက်သံတွေကို သူ ကြား
လိုက်ရတော့သည်။
တစ်ည။
ထိုညက မိုးမရွာပါ။ စစ်ဦးဘီလူးဆိုသောစကားကို ကြားဖူးကြမည်။ အခု ဘုန်းကြီး
ကျောင်းတွေကို စစ်ကြေညာ ထိုးနှက်ချေမှုန်းနေတဲ့အသံတွေကို သူမခံစားနိုင်။ သူ အန်တုချင်လာသည်။ သူ
ပြန်ခုခံမှဖြစ်မည်။ သူ့ လက်နက်က ကဗျာပဲရှိသည်။ ထိုလက်နက်နှင့်ပဲ သူခုခံတိုက်ခိုက်ရမည်။ ထိုညက သူ
ကဗျာတစ်ပုဒ်ရေးသည်။ ဟောဒီ ကဗျာဖြစ်သည်။

ဘေဘီနီလာသိန်းဧချင်း

ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး။
လေးလအရွယ်၊ သမီးငယ်သည်
ဘယ်အတွက်နှင့်၊ ပြစ်ဒဏ်သင့်၍
မိခင့်နို့ နှင့် ဝေးရသနည်း။
သမီးအရွယ်၊ လေးလငယ်သည်
ဘယ်အတွက်နှင့်၊ မင်းမျက်သင့်၍
ဖခင့်ရင်နှင့် ဝေးရသနည်း။
ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး။
နို့ မ၀၍
ညည ထငို၊ မျက်ရည်စိုနှင့်
စိုမျက်ရည်ခြောက်၊ တစ်မိုးသောက်လျှင်
နောက်ထပ်တစ်ဖန် ငိုဦးမည်။
ဖ မတွေ့ ၍
ညည နေ့ နေ့ ၊ ဘွားရင်ငွေ့ မှာ
မေမေ့သမီး ငိုရှာမည်။
မိ မလာ၍
နို့ ဆာ နို့ ငတ်၊ မေတ္တာငတ်၍
အားပြတ်လဲကာ ငိုတော့မည်။
ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး။
နို့ မရ၍
တစ်ည ထငို၊ ကျီးအုပ်ပြိုသည်
ခွေးညို ထဟောင်၊ လငွေရောင်လည်း
အမှောင်ထစ်ချုန်း၊ သွေးနံ့ ဖုံးကာ
ဒိုင်းဒုန်းဒိန်းညံ၊ သေနတ်သံတွေ
မိုးယံပဲ့တင်ထပ် တော့၏။
အဘွားစိတ်မှ
ပရိတ်ရွတ်သံ၊ တရားသံလည်း-
ဘုန်းကြီးကျောင်းမှ
အုံးမောင်းခေါက်သံ၊ ဂီတသံလည်း-
တစ်ရံမလပ်၊ စက်သေနတ်တို့ 
ပစ်ခတ်သံအောက် ပျောက်ကုန်၏။
တင့်ကားဘီးအောက် ရောက်ကုန်၏။
ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး။
ဖက်ဆစ်ခေတ်သို့ 
စစ်ဦးဘီလူး၊ မိစ္ဆာပူးသည့်
စစ်ဦးစီးရူး၊ အာဏာမူးသည့်
တပ်မှူးကြီးတွေ
ဘုန်းကြီးကျောင်းတွင်း၊ ၀င်စီးနင်း၍
သွေးချင်းချင်းဖြာ၊ သံဃာအော်ညည်း
လင်းလုနီးမှာ
သမီး လန့် ၍ ငိုပြန်သည်။
သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်ရော၊ သမီးမော၍
အိပ်သောခဏ
“စစ်အစိုးရ ကျဆုံးပါစေ“
သမီးငိုသံ၊ သေနတ်သံနှင့်
အဖန်ဖန်နှော၊ သမီးစော၍
နိုးသောခဏ
“လူထုအစိုးရ ပေါ်ထွန်းပါစေ“
ဧလည်းတည့် ယဉ်ဧဧ
မငိုပါနဲ့ သမီးကလေး။
သမီး နို့ မြက်၍လည်း
အမေ့တိုက်ပွဲ မပျက်။
အမေ့ နို့ သက်၍လည်း
သမီးတိုက်ပွဲ မပျက်။
ဟိံသစ္စံ၊ အမှန်ဖက်၍
“အစိုးရပျက်“
“အာဏာစက်“ ကို
ဓမ္မစက်နှင့်“ဖျက်“စေသတည်း။      ။
(ရှစ်ဆယ့်ရှစ်မျိုးဆက်ကျောင်းသားခေါင်းဆောင် ဇနီးမောင်နှံ
ကိုဂျင်မီနှင့် မနီလာသိန်းတို့ ၏သမီးငယ်သို့ )
၂၉-၉-၂၀၀၇။

            ထိုညက သူ နိုးတစ်ဝက်အိပ်မက်တွေမက်သည်။ မနက်မိုးလင်းလာတော့၊ သူ နာကြည်းကြေကွဲမှုတွေ
နဲ့ နိုးလာသည်။ သူ သူ့ ကိုယ်သူ ပြန်စမ်းကြည့်ရသည်။ သူ ရှိနေသေးသည်။ သူ အသက်ရှင်နေသေးသည်ပဲ။
သူ့ ဘေးမှာ ရေဒီယိုကလေးလည်းရှိနေပါသေးသည်။ စာပွဲပေါ်မှာ တယ်လီဖုန်းကလေးတစ်လုံးလည်းရှိသည်။
ထိုတယ်လီဖုန်းကလေးနဲ့ သူ သူငယ်ချင်း လုပ်ဖော်ကိုင်ဖက်တချို့ နှင့်ဆက်သွယ်ရသည်။ လိုအပ်သည့်အကူ
အညီကိုတောင်းရသည်။ ပြေးလမ်းကို ထိုတယ်လီဖုန်းကလေးနှင့်ရှာဖွေရသည်။ ထိုတယ်လီဖုန်းကလေးက
ထောင်ချောက်တွေကို ရှောင်ကွင်းနိုင်အောင်လည်း လမ်းပြကူညီတယ်လေ။
`          ထိုနေ့ က နံနက်ခင်းမှာပါပဲ။ စာပွဲပေါ်က တယ်လီဖုန်းကလေးမြည်လာသည်။ ကျနော် ဖုန်းကိုင်နား
ထောင်လိုက်တော့
 “အစ်ကို၊ ကျနော် သန်းဝင်းထွဋ်ပါ၊ ဒီဗွီဘီက တိုက်ရိုက်လွှင့်နေတာ။ အစ်ကိုနေကောင်းလား၊ လုံခြုံရဲ့ လား။ ရွှေဝါရောင်နဲ့ ပတ်သက်လို့ တစ်ခုခုပြောပေးမလား“
ညီငယ်သန်းဝင်းထွဋ်က ဆက်တိုက်ပြောချသွားသည်။ ကျနော်သူ့ ကို
“ညတုန်းက စစ်သားတွေ ဘုန်းကြီး
ကျောင်းဝင်စီးတဲ့အကြောင်း ရေးထားတဲ့ကဗျာတော့ရှိတယ်“
လို့ ပြောလိုက်တော့၊ သူက ချက်ချင်းပဲ
“ဒီကဗျာ ရွတ်ပေးပါလား၊ အခုတိုက်ရိုက်လွှင့်နေတာ၊ ခဏလေး၊ ရပြီ၊ အစ်ကို ရွတ်တော့“
            ဒီလိုနှင့်ပင်၊ မထင်ထားပါဘဲနှင့် ထို“ဘေဘီနီလာသိန်းဧချင်း“ကဗျာလေးက လေလှိုင်းကြား ရောက်
သွားခဲ့သည်။ ကဗျာရွတ်လို့ ဆုံးသွားတော့ ကျနော်နွမ်းလျရင်ခုန်ကျန်ရစ်သည်။ ပြေးနေဆဲမှာလည်း ကဗျာနဲ့ 
ကျနော် မကင်းကွာ။ ဘေးဒုက္ခကြုံနေတဲ့အချိန်မှာလည်း ကဗျာနဲ့ ကျနော်မခွဲ။ ကဗျာသည် ကျနော့်လက်နက်။
ဒီလက်နက်ကို ကျနော်ဘယ်တော့မှ မချ။ ကျနော် ကဗျာမချ။ ရဲဘော်ကဗျာဆရာအပေါင်းတို့ - ဘယ်တော့မှ
ကဗျာမချနဲံ့ ။ ကဗျာချလိုက်ပြီဆိုတာနဲ့ ငါတို့ ဟာ တစ်သက်လုံးနာလန်မထူနိုင်အောင် ကျဆုံးသွားရတော့
မယ်။ ကဗျာ မချနဲ့ ။ ကဗျာချလိုက်တာနဲ့ တစ်ပြိုင်နက် ငါတို့ ရဲ့ အနာဂတ်လည်း ပျောက်ကွယ်သွားလိမ့်မယ်။  ။

(အပိုင်း- ၃၊ ဆက်ဖတ်ပါရန်)

အောင်ဝေး
အောက်တိုဘာ ၈- ၂၀၁၂
(Photo - before 2007 Saffron Revolution, Ko Jimmy, Ma Nilar Thein seen with their new born baby girl before they got arrested by the Regime)

0 comments: