ညက ကဗျာတပုဒ် ဖတ်ခဲ့သည်။
နွေနှောင်း နွေဦးစ၊ မြူဝေမှုန်၍ နေရောင်မှိုင်းရီသော ငွေ့ပြာပြာ တနံနက်ခင်းမှာ ဖြစ်သည်။ နှင်းမြူတောထဲမှာ မိမိ တိုးဝင် လျှောက်လှမ်းလာခဲ့သည်။ နံနက်ခါ ဒစ်ဂျစ်တယ်ရေဒီယိုကလေး ဖွင့်ပြီး လမ်းလျှောက်သည့်အကျင့်ကို မိမိလုပ်ခဲ့တာ ကြာပြီ။ အထူးသဖြင့် နံနက်ဦး နေရောင်မျှင်မြအောက်မှာ လမ်းလျှောက်ခြင်းဖြစ်သည်။ နေရောင်ဦးသည် လူ၏စိတ်နှင့် ခန္ဓာကိုယ်ကို ကျန်းမာလန်းဖြာစေပါသည်။ နံနက် နေရောင်နုနုနှင့် ပြည့်ပြည့်၀၀ ထိတွေ့ရပါက ညဘက်တွင် ကောင်းစွာအိပ်ပျော်သည်ဟု ဆေးပညာရှင်တို့က ဆိုပေသည်။ ယခုအခါ မိမိအသက် ငါးဆယ်ကျော်ပြီ။ မငယ်တော့ပါ။ လူငယ်ဘ၀ကလို မိုက်မိုက်ကန်းကန်း ပေပေတေတေ နေလို့မဖြစ်တော့ပါ။ အသက်ဉာဏ် စောင့်တရားကို မိမိ ရလာသည်။ ထူးအိမ်သင် ကွယ်လွန်သွားစဉ်က နေ့မြင်ညပျောက်တရားကို မိမိ ရလိုက်သည်။ ထိုအခါ မိမိ ကျန်းမာရေးကို ပိုမိုဂရုစိုက်လာရသည်။ အရက်နှင့် ဆေးလိပ်ကို မိမိ တိခနဲ ဖြတ်ပစ်ခဲ့တာ ကြာပြီ။ ၁၉၈၈ ခုနှစ် နှစ်စကတည်းက ဖြစ်သည်။ လောဘ၊ ဒေါသ၊ မောဟတွေ လျှော့ပစ်၊ အလိုရမ္မက်တွေ၊ ကိလေသောတွေ၊ ဆန္ဒတွေ လျှော့ပစ်။ မိမိကိုယ်မိမိ နားချနေရသည်။ ကျန်းမာရေးကို ဂရုစိုက်၊ မိမိကိုယ်မိမိ တိုက်တွန်းနေရသည်။
သို့ဖြင့် ယခုအခါ နံနက်လင်းလျှင် မိမိ ဓာတ်ကြီးလေးပါးနှင့် ညားရတော့သည်။ တနည်း ဓာတ်ကြီးလေးပါးလေ့ကျင့်ခန်း လုပ်ရတော့သည်။ ရေမြေလေမီး ဓာတ်ကြီးလေးပါးနှင့် မိမိ မလွတ်မကင်း ဖြစ်နေရတော့သည်။
နံနက်စောစော အိပ်ရာက ထထခြင်း 'ရေ' မတ်ခွက်ကြီးတစ်ခွက် ပြည့်ပြည့် အ၀သောက်ပါသည်။ ရေသောက်ပြီး သန့်စင်ခန်းဝင်၊ သွားတိုက်၊ မျက်နှာသစ်ပြီးသော မိမိ ရေဒီယိုကလေးဖွင့်ပြီး 'မြေ' ကြီးပေါ် လမ်းလျှောက်ထွက်ပါသည်။ နံနက်ခင်း 'လေ'သန့်လေအေးကို တ၀ရှူပါသည်။ 'မီး'ဓာတ်ပေးသော နေရောင်ခြည်ဖြာလက်သော ကွင်းပြင်ကျယ် လွတ်လပ်သည့်နေရာကို ရွေး၍ မိမိ လျှောက်ပါသည်။ ဒါ မိမိရဲ့ဓာတ်ကြီးလေးပါး နံနက်ခင်း လေ့ကျင့်ခန်းဖြစ်ပါသည်။
ကိုယ်ကျန်းမာစေဖို့ မကျန်းမာစေမယ့်အရာတွေကို လျှော့ရသည်။ အထူးသဖြင့် မိမိ ငယ်စိတ်ငယ်မာန်ကို လျှော့ရသည်။ အတိုင်းအတာတခုအထိတော့ ရသလို ရှိသည်။ သို့သော် မိမိယုံကြည်ချက် စိတ်ဓာတ်ကိုတော့ လျှော့လို့မရ။ ဘယ်လိုနည်းနဲ့မှ မရ။ မိမိယုံကြည်ချက်ကို မိမိယုံကြည်နေဆဲဖြစ်သည်။ လက်ရှိ မိမိရေးနေတဲ့စာတွေ ကဗျာတွေထဲမှာ ကိုယ့်ယုံကြည်ချက်ကို ကိုယ် ပြန်သစ္စာဖောက်သည့် အရေးအသားမျိုးတွေ ပါမလာအောင် ဂရုစိုက်ရမည်။
အကယ်၍ မိမိစာအုပ်တအုပ်တလေထဲမှာ ဒါမျိုး သစ္စာဖောက်တာတွေ ပါတယ်လို့ စာဖတ်ပရိသတ်က ထင်မြင်ယူဆမိရင်လည်း တခါတည်း အောင်ဝေးရဲ့စာအုပ်တွေကို ဆွဲသာ လွှင့်ပစ်လိုက်ပါတော့။
မိမိကတော့ ကိုယ်ယုံကြည်လို့ ရဲရဲလျှောက်ခဲ့တဲ့ လမ်းပေါ်မှာ ယုံယုံကြည်ကြည် ဆက်လျှောက်လှမ်းနေပါ၏။ မိမိယုံကြည်တာကိုပဲ မိမိ ယုံကြည်ချင်ပါ၏။
ရေဒီယိုကလေးဖွင့်ပြီး မိမိ လျှောက်လှမ်းလာနေခဲ့ပါသည်။ မြူကွဲပေပြီ။ နေရောင် ၀င်းလာသည်။ ရင်ထဲမှာလည်း ရှင်းနေသည်။
ထိုနံနက်ခင်းက ရောင်လင်းကျင်းသော ကွင်းပြင်ကျယ်ကိုဖြတ်ကာ မိမိ အိမ်ပြန်လာခဲ့သည်။ အိမ်ရောက်တော့ မိမိ ညတုန်းက ဖတ်ခဲ့သော ကဗျာကို ပြန်ဖတ်သည်။ ကဗျာမှာ 'ရာမျိုး'၏ကဗျာဖြစ်သည်။
အရသာ
ရာမျိုး
ဒီဘက်ခေတ်မှာ
မာ့က်စ်ဝါဒအကြောင်း
မပြောချင်တော့ဘူး။
ဒီဘက်ခေတ်မှာ
အဖြူအမည်းရုပ်ရှင်တွေထဲက
မင်းသား'ရွှေဘ'အကြောင်း
ဒီဘက်ခေတ်ကို
ဖြတ်လျှောက်ဖို့
သမိုင်းစာအုပ်ကိုလှန်ဖတ်ရင်း
ပက်လက်ကုလားထိုင်ပေါ်
အိပ်ပျော်သွားခဲ့တဲ့
နေ့တချို့ရှိရဲ့။
ဘ၀မှာအဆင်မပြေတဲ့
နေ့တချို့မှာ
ကိုယ့်ကိုယ်ကိုယ်
လိမ်ညာခံရတာတွေကို
ပြန်သတိရလာမိတယ်။
လူငယ်ဘ၀မိုက်ခဲ့ရတာတွေ
လူငယ်ဘ၀ကြိုက်ခဲ့ရတာတွေ
တိမ်တွေလို
အစိုင်အခဲလိုက်ရှိပေမဲ့
မရွာသွန်းတော့ပါဘူး။
မတော်တဆ
လမ်းပေါ်မှာ
ငွေစကြေးစ တွေ့တတ်ပေမဲ့
ကိုးကွယ်စရာသူရဲကောင်းကျ အရှားသား
ဒီအရပ်မှာ ဒီပန်း ပွင့်အပ်တယ်လို့
အသိအမြင်တွေ များပေမဲ့
ဒီလိုလူစားမျိုးကျ တကယ်တမ်း ရှိမထင်ဘူး
တနေ့မှာ
ခင်ဗျားလည်း
အောင်မြင်ချင်ပါလိမ့်မယ်
အောင်မြင်မှုဆိုတာ
မြက်ခင်းစိမ်းစိမ်းကြီးပေါ်
ထိုင်နေရတဲ့
အရသာနဲ့တူရင်တော့
ကျွန်တော်လည်း လိုချင်ပါတယ်။
(ရနံ့သစ်၊ မတ် ၂၀၀၆)
ယနေ့ ဗဟုဝါဒခေတ်ကမ္ဘာကြီးမှာ တူရူချက်(rend)ဟု ဆိုသော လမ်းကြောင်းကြီး အဓိကအားဖြင့် နှစ်ခုရှိမည်ဟု ဆိုသည်။
ယင်းတို့မှာ Democratization နှင့် Globalization တို့ဟူ၍ ဖြစ်သည်။ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ကဏ္ဍ အသီးသီးတွင် ဒီမိုကရေစီပြုရေး နှင့် ကမ္ဘာပြုရေးတို့ လွှမ်းခြုံ အရေးပါလာခြင်းဖြစ်သည်။
မိမိတို့ စာပေမှာရော။
စာပေမှာတော့ ယနေ့ကမ္ဘာ့စာပေတွင် အဓိက စာပေအတွေးအခေါ် ရေစီးကြောင်းကြီး သုံးကြောင်း ဖြတ်သန်းစီးဆင်းနေသည်ဟု ပညာရှင်တို့ ဆိုပါသည်။ ယင်းတို့ကား
၁။ ပို့စ်မော်ဒန်လမ်းကြောင်း (Post Mordermism)
၂။ ပို့စ်မာ့က်စ်လမ်းကြောင်း (Post Marxism)
၃။ ဣတ္တိယလမ်းကြောင်း (မိန်းမသားဝါဒ) (Femenism)
(အကျယ်ကို ဇော်ဇော်အောင် - စာပေသဘောတရား အခြေခံကျမ်း၊ ပထမအကြိမ်၊ ၁၉၉၆၊ မုံရွေးစာအုပ်တိုက် နှင့် မင်းခက်ရဲ - ပို့စ်မော်ဒန်လောကအမြင်၊ ပထမအကြိမ်၊ ၂၀၀၆၊ ၀ိမုတ္တိစာပေ တို့တွင် ရှုပါ။)
ယခုအခါ ကမ္ဘာကြီးတွင် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။ ဂန္ထ၀င်မာ့က်စ်ဝါဒသည် ပြတိုက်ထဲ ရောက်သွားခဲ့ပြီဖြစ်သည်။ မိမိ ၀န်ခံရမည်။ ရာမျိုးက သူ့ကဗျာထဲမှာ -
“လူငယ်ဘ၀ မိုက်ခဲ့ရတာတွေ
လူငယ်ဘ၀ကြိုက်ခဲ့ရတာတွေ” ဟု ရေးထားသလို မိမိလည်း ငယ်စဉ်က လက်ဝဲ၀ါဒကို ကြိုက်ခဲ့ပြီး၊ လက်ဝဲစာအုပ်တွေ ကြိုက်ခဲ့ပြီး၊ စာသင်ခန်းနှင့်ဝေးအောင် မိုက်ခဲ့ဖူးကြောင်း၊ နရသိန်ကန္တာရထဲရောက်အောင် မိုက်ခဲ့ဖူးကြောင်း ၀န်ခံပါသည်။
ယခု ပို့စ်မာ့က်စ်စာပေလမ်းကြောင်း အတွေးအခေါ်သစ်ကတော့ လူသား၏ ဂုဏ်ရည်ဂုဏ်သွေး(Humanity)ကို အာရုံစိုက်ပေသည်။ ပို့စ်မာ့က်စ်စာပေအမြင်အရ လူ၏ တသီးပုဂ္ဂလသဘော (Individuality)တွင် အရေးတကြီး လက်ခံရမည့်အရာ ဖြစ်ပါသည်။ ပို့စ်မာ့က်စ်လမ်းကြောင်းစာပေက လူ၏ အတွင်းစိတ်ခံစားသူ(Inner Feeling)ကို လေးစားသည်။ လွတ်လပ်စွာ ဖော်ထုတ်ချက် (Freedom of expression)ကို ကျင့်သုံးသည်။
“အရသာ” ကဗျာကို ရေးလိုက်သော ကဗျာဆရာ“ရာမျိုး”မှာ လူငယ်တယောက် ဖြစ်ပါသည်။ သူသည် ဆရာဒဂုန်တာရာ အလိုအရ စတုတ္ထမျိုးဆက်က ဖြစ်သည်။ ရာမျိုးသည် မျိုးဆက်သစ်၊ သမိုင်းသိစိတ်ရှိသူ၊ အစဉ်အလာကို ဆက်ခံနိုင်သူ၊ လူငယ်၊ ကဗျာဆရာ။
ရာမျိုးက သူ့ဘ၀ (ကဗျာဆရာဘ၀) အဓိပ္ပာယ်နှင့်သူ၊ ထိုကဗျာကို ရေးလိုက်ခြင်း ဖြစ်သည်။ ရာမျိုးမှာ တောင်တွင်းကြီးကဗျာ လှုပ်ရှားမှုထဲမှ ရုန်းကန်ပွင့်လာသူဖြစ်သည်။ တောင်တွင်းမောင်မုန်းမာန်၊ မောင်သက်လွှာ(တောင်တွင်း)၊ မောင်ခိုင်မိုး(မြို့သစ်)၊ မောင်ကြည်သာ၊ မောင်ခင်သာ၊ ထွန်းဝေမြင့်၊ ၀င်းဌေးဦး(မင်းဘူး)၊ လှိုင်မွန်(မင်းဘူး)၊ ချစ်လေးမြတ်(၀မ်းတွင်း)၊ မောင်စူးရှ၊ တောင်တွင်းယဉ်မင်းကြိုင်၊ မောင်ယဉ်ညွန့်(တောင်တွင်း) စသည်ဖြင့် ထိုကဗျာဆရာများမှာ ရာမျိုးတို့အရင် ရှေ့မျိုးဆက်က တောင်တွင်းကဗျာအင်အားစုဖြစ်သည်။
ယခုခေတ်ပေါ်ကဗျာခေတ်မှာ ရာမျိုးသည် နေ၀န်ဦး၊ ဝေဦးကို၊ သစ္စာပိုင်စိုး၊ တင်ထွန်းလင်း စသူတို့နှင့်အတူ ခေတ်ပြိုင်လူငယ် မျိုးဆက်သစ် တောင်တွင်းကဗျာအင်အားစုထဲမှဖြစ်သည်။
ရာမျိုးက သူ့ကဗျာထဲမှာ သူကိုယ်တိုင်(သို့မဟုတ် သူတို့မျိုးဆက်) လိမ်ညာခံရတာကို ပြောသည်။ ကိုးကွယ်စရာ သူရဲကောင်းရှားသည်ဟု ပြောသည်။ ရာမျိုးအနေနှင့် မျိုးဆက်ဟောင်းအပေါ် စွဲချက်တင်လိုဟန်လား၊ ဒီကနေ့မှာ ရာမျိုးတို့လို လူငယ်တွေအတွက် ideal စံပြုပုဂ္ဂိုလ် Role Model ရှာမတွေ့တာလား။
“ဒီအရပ်မှာ ဒီပန်းပွင့်အပ်တယ်လို့
အသိအမြင်တွေ များပေမဲ့
ဒီလိုလူစားမျိုးကျ တကယ်တမ်းရှိမထင်ဘူး”
ရာမျိုးတို့စိတ်ထဲကိုတော့ အဆိုးမြင်ဝါဒတွေ ၀င်မလာစေလိုပါ။ ဒီအရပ်မှာ ဒီပန်းပွင့်အပ်တယ် ဆိုတာကို ရဲရဲ ယုံကြည်ဖို့ပဲ အရေးကြီးပါသည်။ ယုံကြည်တယ်ဆိုလျှင် တနေ့မှာ ကောက်ရိတ်ပွဲတော်နွဲဖို့ နွေဦးဆိုက်ရောက်လာလိမ့်မည်မှာ မလွဲပါ။
ရာမျိုးနှင့်တကွ လူငယ်အားလုံးကို ကျေးဇူးတင်ပါသည်။
ကျနော် ဒီကဗျာကို www.abitsu.org/phoezay မှာတင်လိုက်ပါတယ်။ သူလည်း ပြေးနေရရောပေါ့။ ယာမာဂူချီ ခင်ဆွေရီလည်း အောင်ပွဲနဲ့ ပြန်လာမယ့် ခြေသံတွေကို နားစွင့်ရင်း စောင့်နေမှာပါ။
ဒီကဗျာ ကိုကြိုက်တယ်။
ကိုဖိုးဇေရေ အခုတော့ လွတ်မြောက်သွားပြီထင်ပ။
မြရွက်ဝေ အကြိုက်တူကြတာပေါ့